ကျူးဘားတွင် ဆာလ်ဆာအကဖြင့် ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်း (ရုပ်သံ)

1.6K
ကျူးဘားနိုင်ငံမြို့တော်၊ ဟားဗားနားမှာ ကမ္ဘာ့စံချိန်တင်ဖို့ ရည်ရွယ်ပြီး ဆာလ်ဆာ အကပွဲတော်ကို နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ကာ လူပေါင်း ၉၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ရူဒါဒီကက်ဆီနိုလို့ လူသိများတဲ့ ဒီဆာလ်ဆာအကပွဲတော်ကို ကျူးဘားနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်တာဖြစ်ပြီး ကျောင်းသူတွေကအစ အိမ်ထောင်ရှင် အမျိုးသမီးတွေအထိ ပါဝင်ကပြခဲ့ကြတာပါ။
ဒီစုပေါင်းကပွဲ အခမ်းအနားဟာ တဆက်တည်း ကြာမြင့်ချိန် ၁၅ မိနစ်ထိရှိပြီး ဂင်းနစ် ကမ္ဘာ့စံချိန်ချိုးနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။
ကပွဲမှာ ပါဝင်ခဲ့သူ ကျူးဘားနိုင်ငံမှ သတင်းထောက် ဟာရိုးလ်ဒ်အက်ဂလေစီးယက်စ်က “ဒါဟာ စည်းလုံးညီညွတ်မှုကို ပြတာပါပဲ။ မြင်တဲ့အတိုင်းပဲ ပါဝင်သူတွေအကုန်လုံး ပြုံးနေကြတယ်။ စည်းချက်နဲ့အညီ နီးနီးကပ်ကပ် ကနေကြတာဟာ ဒီပွဲတော်မှာ ညီညွတ်တဲ့ ပေါင်းကူးတံတားတခုလို ဖြစ်စေတယ်” လို့ ပြောပါတယ်။
ဆာလ်ဆာအကဟာ ကျူးဘားနိုင်ငံရဲ့ ရိုးရာအကတမျိုးဖြစ်ပြီး ပါတီတွေနဲ့ အခမ်းအနားတွေမှာ မကြာခဏ ကျင်းပလေ့ရှိတာပါ။
ပွဲစီစဉ်သူ ဂျီဆဲလ်မက်ဇောရာက “ကျမတို့ ယဉ်ကျေးမှုကို အားပေးမြှင့်တင်နိုင်ဖို့ ခုလို ကြိုးစားခဲ့ကြတာပါ။ ဒီပွဲတော်မှာ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၇ နိုင်ငံကျော်က ပါဝင်ဆင်နွှဲခဲ့ကြပါတယ်” လို့ ပြောပါတယ်။
ကျူးဘားနိုင်ငံက အခုကျင်းပတဲ့ပွဲတော်ကို ဂင်းနစ်တာဝန်ရှိသူတွေဆီ တင်ပြသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂရိနိုင်ငံမှာ ၂၀၁၄ ခုနှစ်က လူပေါင်း ၁၁၀၂ ယောက်ပါဝင်တဲ့ စုပေါင်းကပွဲက ကြာမြင့်ချိန် ၇ မိနစ် ၁၆ စက္ကန့်နဲ့ စံချိန်တင်ထားခဲ့တာပါ။