ငွေကြေးအရှုပ်တော်ပုံကိစ္စဖြင့် ဘရာဇီး အချမ်းသာဆုံး ဘဏ်လုပ်ငန်းရှင် ဖမ်းဆီးခံရ

ဘရာဇီး ဘီလီယံနာသူဋ္ဌေး အန်ဒရေ စတေဗစ်စ်။ (ဓာတ်ပုံ - ရိုက်တာ)
1.8K
ဘရာဇီးနိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံရဲ့ အချမ်းသာဆုံး ဘဏ်လုပ်ငန်းရှင်တဦးနဲ့ လက်ရှိ အာဏာရပါတီ လွှတ်တော်အမတ်တဦးတို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးခံရပါတယ်။
တောင်အမေရိကတိုက်ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဘရာဇီး ဘီလီယံနာသူဋ္ဌေး အန်ဒရေ စတေဗစ်စ် (Andre Esteves) ကို ရီယိုဒီဂျနဲလ်ရိုးမြို့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး သူ့အိမ်နဲ့ ဆော်ပိုလိုမြို့က သူ့ရဲ့ဘဏ်ရုံးချုပ်မှာလည်း စာရွက်စာတမ်းတွေ သိမ်းဆည်းခံရပါတယ်။
လက်ရှိအာဏာရအလုပ်သမားပါတီ ခေါင်းဆောင် လွှတ်တော်အမတ် ဒေစီဒီယို အမားရယ်လ် (Delcidio Amaral) ဟာလည်း တရက်တည်းမှာ ဖမ်းဆီးခံရပြီး ၂ ဦးလုံး ရေနံကော်ပိုရေးရှင်း ငွေကြေးအရှုပ်တော်ပုံ စစ်ဆေးမှုတွေကို ဟန့်တားနှောင့်ယှက်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
ဘဏ်လုပ်ငန်းရှင် အန်ဒရေဟာ ဘရာဇီးနိုင်ငံရဲ့ ၁၃ ယောက်မြောက် အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲလောက် ချမ်းသာတယ်လို့ ခန့်မှန်းကြပါတယ်။
လွှတ်တော်အမတ် ဒေစီဒီယိုကတော့ ဒီရေနံအရှုပ်တော်ပုံနဲ့ ပထမဆုံး ဖမ်းဆီးခံရတဲ့ လက်ရှိ လွှတ်တော်အမတ် ဖြစ်ပါတယ်။
ဒီရေနံငွေကြေးအရှုပ်တော်ပုံကို စတင်စစ်ဆေးခဲ့တဲ့ ၂ နှစ်တာအတွင်း လူ ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး ဘရာဇီးလ် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဒီရေနံကော်ပိုရေးရှင်းရဲ့ ထိပ်တန်းအာဏာပိုင်တွေနဲ့ တချို့ဆိုရင် ဘရာဇီးလ်နိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပါဝင်ပါတယ်။
လက်ရှိ ဘရာဇီးနိုင်ငံ သမ္မတ ရူဆက် (Rousseff) ကတော့ ဒီအရှုပ်တော်ပုံမှာ တိုက်ရိုက်ပတ်သက်မှု မတွေ့ရသေးပေမယ့် သူအရင်ကိုင်တွယ်ခဲ့တဲ့ ဌာနကြီးဖြစ်တဲ့အတွက် အပြင်းအထန် ဖိအားပေးခံနေရပါတယ်။