A d v e r t i s e m e n t With Us

ထိုင်းကြက်ကုမ္ပဏီများ ရွှေ့ပြောင်းအလုပ်သမားများကို ခေါင်းပုံဖြတ်နေ

ဥရောပကို ကြက်သားအကြီးအကျယ် တင်ပို့ရောင်းချနေတဲ့ ထိုင်းကုမ္ပဏီတွေဟာ မြန်မာအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ ရှိနေတယ်လို့ သုတေသနအဖွဲ့တွေက ဖော်ထုတ်လိုက်ပါတယ်။ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံက  စောင့်ကြည့်ရေးအဖွဲ့နှစ်ဖွဲ့က   ထိုင်းနိုင်ငံတွင်း မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့  ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို လေ့လာစောင့်ကြည့် ပူးတွဲသုတေသန လုပ်ဆောင်ပြီး အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။ ကမ္ဘောဒီးယားနဲ့ မြန်မာက စက်ရုံအလုပ်သမားတွေကို ပွဲစားတွေနဲ့ အလုပ်ရှင်တွေက ခေါင်းပုံဖြတ်အမြတ်ထုတ်နေသလို နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းပြီး အလုပ်ရဖို့အတွက် ငွေကြေးတွေ အဆမတန် ကောက်ခံတယ်လို့ သုတေသနအဖွဲ့တွေက ပြောပါတယ်။ ဒီသုတေသနအစီရင်ခံစာဟာ ရွှေ့ပြောင်းအလုပ်သမား ၉၈ ဦးနဲ့တွေ့ဆုံ မေးမြန်းချက်တွေကို  အခြေခံပြီး  လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက စာရင်းစစ်တွေက အစားအသောက်လုံခြုံရေးကိုပဲ စစ်ဆေးပြီး အလုပ်သမားအခြေအနေကို မစစ်ဆေးခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ အလုပ်သမားအများစုဟာ ကြီးကြပ်သူတွေရဲ့ နှုတ်နဲ့သာမက ကိုယ်ထိလက်ရောက်ပါ  မတော်မတရား ပြုကျင့်ခံနေရတယ်လို့ ဆိုပါတယ်။ အလားတူ ထိုင်းနိုင်ငံ ရေလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း မတော်မတရား ပြုကျင့်မှုတွေ အရင်က ရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံက ပင်လယ်စာကို ၀ယ်ယူတင်သွင်းနေတဲ့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်က ထိုင်းကို သတိပေးခဲ့ပါတယ်။ ကြက်သားဟာ ကမ္ဘာပေါ်မှာ ၀ယ်ယူစားသုံးမှု အများဆုံးဖြစ်လာပြီး ၀က်သားဈေးကွက်နေရာကို ရယူလာတာ ဖြစ်ပြီး ၂၀၁၄ တနှစ်တည်း ဥရောပသမဂ္ဂနိုင်ငံတွေကို ထိုင်းနိုင်ငံကနေ တန်ချိန် ၂ သိန်း ၇ သောင်း တင်ပို့ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up