သမ္မတဦးသိန်းစိန်အစိုးရ အနေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထားတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ မသင့်လျော်တော့ဘူးလို့ ရက္ခိုင့်တပ်မတော်၊ ကိုးကန့်တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့က ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ဆွေးနွေးရင် အချိန်ကာလလုံလောက်ခြင်း မရှိတော့တဲ့အပြင် တခြား တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်ခြင်း မရှိသေးတဲ့အတွက် လုံလောက်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ အကောင်းဆုံး လုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိအခြေအနေကို တည်မြဲအောင် ထိန်းကျောင်းပြီး မကြာမီကာလအတွင်း ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို ချောမွေ့စွာ အာဏာလွှဲပြောင်းပေးရင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ဝံ့သည့် အောင်မြင်မှုရှိတဲ့ အစိုးရတရပ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်လိမ့်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။