ရုရှားဗုံးကြဲလေယာဉ် ပစ်ချခံရပြီး ပျောက်ဆုံးနေတဲ့ ရုရှားလေယာဉ်မှူးတဦးဟာ ဆီးရီးယားစစ်တပ်က ကယ်တင်ခဲ့ပြီး ဆီးရီးယားနိုင်ငံထဲက ရုရှားစစ်အခြေစိုက်စခန်းကို ပြန်ရောက်ရှိနေပြီလို့ ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ပြောဆိုပါတယ်။
လေယာဉ်မှူးတဦးနဲ့ ရုရှားမရိန်းတပ်ဖွဲ့ဝင်တဦးကတော့ လေယာဉ်မှူးတွေကို ကယ်တင်မှုအတွင်း ကျဆုံးသွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။
နေတိုး အထွေထွေအတွင်းရေးမှူးချုပ်ကတော့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံဘက်က ရပ်တည်ပြောဆိုပေမယ့် ဒီပြဿနာကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းဖို့ နှစ်ဘက်စလုံးကို တောင်းဆိုထားပါတယ်။
ဒီပြဿနာကို သံတမန်နည်းနဲ့ ဖြေရှင်းဖို့၊ နှစ်ဘက်တင်းမာမှုတွေကို လျှော့ချဖို့ အရေးကြီးတယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
တူရကီလေပိုင်နက်ထဲကို ၀င်ရောက်တာကြောင့် ပစ်ချလိုက်တယ်လို့ တူရကီနိုင်ငံက ပြောဆိုပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ ဆီးရီးယားနိုင်ငံထဲမှာ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ တုံ့ပြန်ပြောဆိုပါတယ်။
လေယာဉ်ပစ်ချခံရအပြီး ရုရှားနိုင်ငံက တူရကီနိုင်ငံနဲ့ စစ်ရေးအဆက်အသွယ် ဖြတ်တောက်လိုက်ပြီး မြေထဲပင်လယ်ထဲ လေကြောင်းရန် ကာကွယ်ရေးစနစ်တပ် စစ်သင်္ဘောတစင်း စေလွှတ်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီှးဌာနက ပြောပါတယ်။
ဆီးရီးယားနိုင်ငံထဲက ရုရှားစစ်တပ်ကို ခြိမ်းခြောက်မှုမှန်သမျှ တိုက်ခိုက်ဖျက်ဆီးမယ်လို့လည်း ပြောဆိုပါတယ်။
အခုချိန်ကစပြီး ရုရှားဗုံးကြဲလေယာဉ် စစ်ဆင်ရေးတွေမှာလည်း ရုရှားတိုက်လေယာဉ်တွေက လိုက်ပါ အကာကွယ်ပေးတော့မှာ ဖြစ်ပါတယ်။