A d v e r t i s e m e n t With Us

ကုန်တိုက်ဗုံးထောင်မှုဖြင့် ပါကစ္စတန်နိုင်ငံသား တဦးကို ထောင်ဒဏ်အနှစ် ၄၀ ချမှတ်

တရားရုံးအတွင်းရှိ အေဘစ်နာဇီယာ၏ ပုံကြမ်း။ (ပုံ - ရိုက်တာ)
အင်္ဂလန်က ကုန်တိုက်တခုကို ဗုံးထောင်ခဲ့မှုအတွက် ပါကစ္စတန် အမျိုးသားတဦးဟာ နိုဝင်ဘာ ၂၄ ရက်နေ့က ထောင်ဒဏ် အနှစ် ၄၀ ပြစ်ဒဏ်စီရင်ခံရပါတယ်။ သူ့လုပ်ရပ်ဟာ ဥရောပနဲ့ အမေရိကန်မှာ တိုက်ခိုက်ဖို့ အယ်လ်ကိုင်းဒါး စီမံကိန်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် အေဘစ် နာဇီယာဟာ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ္စည်း ပံ့ပိုးမှုမှာ ပါတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန် ခုံရုံးက မတ်လမှာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် စီရင်ခံထားရသူပါ။ နာဇီယာရဲ့ရှေ့နေက အယူခံဝင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ နာဇီယာကို ဗြိတိန်ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း လွန်ခဲ့တဲ့ ၆ နှစ်က ဖမ်းမိခဲ့တာပါ။ ပါကစ္စတန်နိုင်ငံ ပေရှဝါမြို့မှာ ကြီးပြင်းပြီး ကြေးစား ခရစ်ကတ် ကစားသမားလည်း ဖြစ်တဲ့ နာဇီယာဟာ အယ်လ်ကိုင်းဒါး အဖွဲ့ငယ်ကို ဦးဆောင်ခဲ့တယ်လို့လည်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။ သူတို့ဟာ ကိုပင်ဟေဂင် သတင်းစာတိုက်နဲ့ နယူးယောက်မြို့ မြေအောက်ရထားစနစ်ကို တိုက်ခိုက်ဖို့ အပါအဝင် စီမံကိန်းတွေကို ချမှတ်ခဲ့ပါတယ်။ နယူးယောက် မြေအောက်ရထားစနစ်ကို တိုက်ခိုက်ရေး ကြံစည်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ တခြား အမျိုးသား ၃ ဦးကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် စီရင်ပြီးပါပြီ။ နာဇီယာကတော့ အယ်လ်ကိုင်းဒါးနဲ့ရော အကွက်ချမှုတွေနဲ့ပါ မပတ်သက်ဘူးလို့ ငြင်းရင်း အကြမ်းဖက်ဝါဒဟာ အစ္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးလို့ တရားသူကြီးတွေကို ပြောပါတယ်။ အစိုးရရှေ့နေတွေကတော့ နာဇီယာဟာ အယ်လ်ကိုင်းဒါးတွေရဲ့ လုပ်ငန်းစဉ်တွေကို ကျူးလွန်ခဲ့ပြီး အလွန်အမင်း အန္တရာယ်ရှိနေဆဲလို့ ပြောရင်း ထောင်ဒဏ် နှစ်၄၀ ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up