ချင်းမိုင် လွိုင်ကထုန် ခါးပိုက်နှိုက် သောင်းကျန်း

874
နိုဝင်ဘာ ၂၄ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နှစ်စဉ်ကျင်းပတဲ့ လွိုင်ကထုန်ပွဲတော်မှာ မီးပုံးတွေနဲ့ စီတန်းလှည့်လည်တာကို ကြည့်နေတဲ့ နိုင်ငံခြား ခရီးသွား ၉ ဦး ခါးပိုက်နှိုက်ခံရပါတယ်။
ချင်းမိုင် ရဲတပ်ဖွဲ့အရာရှိက ည ၉ နာရီမှာ အမေရိကန်၊ တောင်ကိုးရီးယား၊ တရုတ်နဲ့ ဂျပန်က ခရီးသွား ၉ ဦးရဲ့ တိုင်ကြားမှုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ခါးပိုက်နှိုက်သမားက ငွေနဲ့ဖုန်းတွေခိုးယူတာ တန်ကြေး ဘတ် ၁ သိန်း နီးပါးရှိတယ်လို့လည်း အရာရှိကို ကိုးကားပြီး ထိုင်း ဘန်ကောက်ပိုစ်သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေက သူတို့ဖုန်းကို ခေါ်ယူပေမယ့် ဖုန်းတွေ ပိတ်ထားတယ်လို့ ဆိုပါတယ်။
တချို့ နိုင်ငံခြားသားတွေကတော့ စီတန်းလှည့်လည်တာကို ကြည့်နေစဉ် လူ ၃ ဦးကနေ ၄ ဦး သူတို့ အနားမှာ လာရပ်နေတာကို သတိထားမိတယ်လို့ ဆိုပါတယ်။
ရာဇ၀တ်သားတွေ ကျင်လည်လေ့ရှိတဲ့ ဈေးပေါတဲ့ ဟိုတယ်နဲ့ အဆောင်တွေကို ရဲတပ်ဖွဲ့တွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လွိုင်ကထုန်ပွဲတော်ကို နိုဝင်ဘာ ၂၄၊ ၂၅ ရက်မှာ ချင်းမိုင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ဒီရာသီရောက်ရင် နိုင်ငံရပ်ခြား ခရီးသွား ဧည့်သည်တွေနဲ့ မြို့ဟာ စည်ကား နေပါတယ်။