အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်များနှင့် ဆွေးနွေး

ဓာတ်ပုံ - NLD Chairperson Facebook

ဓာတ်ပုံ - Senior General Min Aung Hlaing Facebook

ဓာတ်ပုံ - The88Generation Facebook

ဓာတ်ပုံ - Myanmar President Office Facebook
4.1K
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ်ရပ်ဆဲလ်နဲ့ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ နိုဝင်ဘာ ၂၄ ရက်က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
သမ္မတနဲ့ တွေ့ဆုံရာမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှုနဲ့ တာဝန်လွှဲပြောင်းရေး ချောမွေ့အောင်မြင်စွာ ဖြစ်ပေါ်လာရေး ဆောင်ရွက်နေမှု ကိစ္စတွေနဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး နိုင်ငံအတွက် အလုပ်လုပ်ကြမယ့်သူတွေ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ကာ နိုင်ငံ တည်ငြိမ်တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒန်နီယယ်ရပ်ဆဲလ်ဟာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်-ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အသစ်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အေးချမ်းစွာ အာဏာလွှဲပြောင်းပေးရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ရေးဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်ရေးအတွက် အစိုးရသစ်နဲ့ အတူလက်တွဲ ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း မစ္စတာ ရပ်ဆဲလ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။