ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီအမတ်ကို ဒေါက်တာညိုညိုသင်း အမှုဖွင့်
နော်နိုရင်း
·
November 25, 2015
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ ဒေါ်ညိုညိုသင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မြို့နယ်အောင်နိုင်ရေး အထူးတာဝန်ခံ ဦးစိုးညွန့် (တော်ဝင်နှင်းဆီ) နဲ့ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်တို့ကို အမှုဖွင့် တိုင်ကြားထားပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဃ) ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ပိုင်းမှာ အနှောင့်အယှက် ဖြစ်စေမှုနဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်းကို အမှုဖွင့်ခံရသူ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။
“အဓိကကတော့ တော်ဝင်ဦးစိုးညွန့်ကနေပြီးတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ဦးထွန်းမြင့်ကို ဘာကြောင့် မဲပေးရသလဲဆိုတဲ့ စာအုပ်ကလေး ထုတ်တဲ့အပေါ်မှာ သူတရားစွဲတယ်လို့ ပြောပါတယ်။ အဲဒီစာအုပ်မှာကတော့ မဲဆွယ်စည်းရုံးရေးကာလမှာ ဦးစိုးညွန့်က သူကိုယ်တိုင် စာရေးသူအဖြစ်ရေးတယ်။ သူက ဗဟန်းမြို့နယ် အောင်နိုင်ရေးအထူး တာဝန်ခံ ဆိုတော့ သူ့လုပ်ငန်းကို မှန်မှန်ကန်ကန်ဆောင်ရွက်တာပါ။ ဒေါက်တာ ဒေါ်ညိုညိုသင်းဘက်က တရားဥပဒေကြောင်းအရ စွဲဆိုပိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင်လည်း စွဲပါစေ။ ကျနော်တို့ဘက်ကတော့ ဖြေရှင်းဖို့ အဆင့်သင့်ပါပဲ။”
လတ်တလောမှာတော့ အမှုဖွင့်ထားကြောင်း ရဲစခန်းကို မေးမြန်းလို့ သိရပေမယ့် ရဲစခန်းဘက်က တရားဝင်အကြောင်းမကြားသေးကြောင်းနဲ့ အမှုဖွင့်သူကိုယ်တိုင်ကို အရင်စစ်ဆေးပြီးမှ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ရှိကြောင်း ဆိုပါတယ်။
“ကျနော်တို့ ရဲခစန်းကို လှမ်းဆက်သွယ်ပြီးမေးမြန်းတာကတော့ ဖွင့်ထားပါတယ်လို့ပဲ ပြန်ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို တရားဝင် မဆက်သွယ်သေးဘူးဆိုတာကလည်း ဟုတ်ပါ တယ်တဲ့။ အဓိကကတော့ အမှုဖွင့်တဲ့ ကာယကံရှင်ကိုယ်တိုင်ကို အရင်ဦးဆုံး စစ်ဆေးရ ပါလိမ့်ဦးမယ်တဲ့။ စစ်ဆေးပြီးမှသာလျှင် တရားဝင်ခေါ်ဆိုပါ့မယ်လို့ ရဲစခန်းက အကြောင်းပြ ပါတယ်။”
လက်ရှိမှာတော့ တရားလို ဒေါက်တာ ဒေါ်ညိုညိုသင်းကိုယ်တိုင် ခရီးထွက်နေတာကြောင့် စစ်ဆေးလို့ မရသေးသလို ဒီဗွီဘီကနေ ဆက်သွယ်လို့ မရသေးပါဘူး။
နိုဝင်ဘာလ ၈ ရက်နေ့ ဗဟန်းမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ဟာ မဲရလဒ်ပေါင်း ၃၁,၀၀၀ ကျော်ရရှိပြီး အပြတ်အသတ်နိုင်ရထားသူဖြစ်ပါတယ်။