Home
ဆောင်းပါး
ဗိုလ်ကျစီးပိုးတတ်သူတွေကို ပုတ်နှိုးလာတဲ့ ဖေ့စ်ဘွတ်ခ်ကထိုးတဲ့ ခေါင်းလောင်းသံတွေ
DVB
·
November 24, 2015
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက ဗဟန်းမြို့နယ်မှာရှိတဲ့ ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ နေအိမ်မှာ ၈ နှစ်အရွယ် အိမ်အကူ မိန်းကလေးတဦးကို အ၀တ်အစားမပါဘဲ ကြိုးနဲ့တုပ်နှောင်ဖို့ ပြုလုပ်နေတဲ့ အမျိုးသမီးတဦးနဲ့ အခြားအမျိုးသမီးတဦးတို့ ပါဝင်တဲ့ ဓာတ်ပုံအပြင် နှိပ်စက်ခံနေရသည့် မိန်းကလေးကို ကယ်ထုတ်ပေးကြရန် တောင်းဆိုရေးသားထားတဲ့ ပို့စ်တပုဒ် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖတ်လိုက်ရတယ်။ တရက်တည်းမှာပဲ ဖားကန့်မြို့နယ်ရဲစခန်း အချုပ်ခန်းထဲမှာ အချုပ်သား တန်းစီးတွေက အချုပ်သားတွေကို ပုံစံကြီး ၃၆ လို့ဆိုပြီး အကျဉ်းသားတဦးကို ပါးရိုက် နှိပ်စက်နေတဲ့ ဗွီဒီယိုမြင်ကွင်းကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေက ပြန်လည်ဝေမျှခဲ့ကြပါတယ်။ ဟိုးတလောတုန်းကလည်း အရွယ်မရောက်သေးတဲ့ အိမ်ဖော်အမျိုးသမီးငယ်လေး တယောက်ကို တရားသူကြီးတယောက်ရဲ့ ဇနီးက လူမဆန်အောင် နှိပ်စက်ခဲ့လို့ ဒဏ်ရာဒဏ်ချက်တွေ ရတာကို အဒေါ်ဖြစ်သူက တိုင်တန်းတာကြောင့် တရားခံဖြစ်တဲ့ တရားသူကြီးဇနီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ သတင်းတွေလည်း ဓာတ်ပုံတွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖတ်ခဲ့ရတယ်။ နောက်ပြီး စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်နေတုန်း ကြိုဆိုခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ ၄၀ ဦးကို အလယ်တန်း ကျောင်းအုပ်ဆရာက ရိုက်နှက်ခဲ့တဲ့သတင်း၊ ပြီးတော့ ကလေးတွေကို အရိုက်ကြမ်းတဲ့ အမက ၅ ဒဂုံအရှေ့က ပထမတန်းသင်တဲ့ ဆရာမသတင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှာ လူသတ်မှုသံသယနဲ့ အဖမ်းခံထားရသူ ၁၄ နှစ်နီးပါး အရွယ်ရှိ မောင်စိုးလင်းဆိုတဲ့ ကလေးတဦးကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့တဲ့အထိ ဖြစ်သွားရတဲ့သတင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမ နှစ်ဦးသတင်း၊ စစ်တပ်ရဲ့ အချုပ်ကျနေတုန်း တရားမဲ့အသတ်ခံခဲ့ရတဲ့ သတင်းထောက် ကိုပါကြီးသတင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ လဟယ်မြို့နယ် ပင်လုံဟတ္ထိကျေးရွာမှာ ကျောင်းဆရာမ ၂ ဦးကို လုံခြုံရေးတာဝန်ကျ ဒု-တပ်ကြပ်တဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့သတင်း၊ ၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ကျင်းပရေး သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက မယူမနေရ ပင်စင်ပေးလိုက်တဲ့ သတင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ဓည၀တီ (က) ရပ်ကွက်မှာ တပ်မတော်သားတဦးက သူတည်းခိုနေတဲ့အိမ်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်လေးကို အိပ်ပျော်နေစဉ်မှာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့သတင်း စတဲ့ အကြောင်းအရာတွေထဲက တချို့သတင်းတွေဟာ ရုတ်တရက်ဆိုရင် လူ့ပတ်ဝန်းကျင်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အသေးအမွှားကိစ္စလို့ ထင်စရာရှိပေမယ့် ဒါတွေဟာ လက်သင့်မခံထိုက်တဲ့ အားကြီးတဲ့သူ၊ လက်နက်ရှိတဲ့သူ၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက လူလူချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေပါပဲ။ ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်အပျက်တွေ၊ ဗိုလ်ကျ အနိုင်အထက်ကျင့်သူတွေကို မြန်မာ့လူ့အဖွဲ့အစည်းက လက်သင့်မခံတော့ဘူးဆိုတာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ခေါင်းလောင်းထိုး လှုပ်နိုးလာတာပါ။ ဗိုလ်ကျတတ်သူတွေကို လှုပ်နှိုးဖို့ ဖေ့စ်ဘွတ်ခ်ကထိုးတဲ့ ခေါင်းလောင်းသံတွေထဲမှာ အကျယ်လောင်ဆုံးနဲ့ လူသိအများဆုံး သတင်းတွေကတော့ နိုင်ငံတော်အဆင့် ဗိုလ်ကျမှုတခုဖြစ်တဲ့  မြန်မာပြည်ကို စစ်ကျွန်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စနဲ့ စစ်ဘက်အရာရှိတွေကို အရပ်ဘက်ရာထူးကြီးကြီး နေရာတွေ ခန့်ထားတဲ့ နောက်ထပ် နိုင်ငံတော်အဆင့် ဗိုလ်ကျမှုတခုဖြစ်တဲ့ မိုးကျရွှေကိုယ်ကိစ္စတွေကို သံပုံးတီး ထုတ်သလို ဆန့်ကျင်ကြတဲ့ ဖဲကြိုးရောင်စုံ လှုပ်ရှားမှုတွေပဲ မဟုတ်လား။ မြန်မာပြည်သား မျက်နှာမွဲ နင်းပြား ဆင်းရဲသားတွေအတွက်တော့ ဗိုလ်ကျခံရတယ်၊ အနှိမ်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်ဆိုတွေဟာ သေရာပါ ဆိုးမွေကြီးတွေလို ပိုင်ဆိုင်ခဲ့ရတာ ရာစုနှစ်ဝက်ကျော်ပြီကောလေ။ တကယ်တော့ ဆင်းရဲသားချည်းပဲ ဗိုလ်ကျခံရတာ မဟုတ်ဘူး၊ ဗမာပြည်တနံတလျားမှာ ရှိရှိသမျှ လူတွေအားလုံး တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုကြီး တရပ်လုံးမှာ ဆင့်ကဲဆင့်ကဲ ဗိုလ်ကျအနိုင်ကျင့်မှုတွေ ခံနေရတာ နိစ္စဓူဝ ကြုံတွေ့ခံစားနေရတော့ ဒါတွေဟာ ထုံးစံပဲလို့ အမှတ်မှားလာခဲ့ကြရတယ်လေ။ ဒို့နိုင်ငံရဲ့ အသေးဆုံး လူ့အဖွဲ့အစည်းဖြစ်တဲ့ မိသားစုအဆင့်ကစလို့ ရပ်ရွာ သာရေးနာရေးအဖွဲ့တွေ၊ မြို့နယ်အဆင့် လူ့အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်း၊ သံဃာအဖွဲ့အစည်း၊ တိုင်းရင်းသားအသင်းအဖွဲ့တွေ၊ အစိုးရ၀န်ထမ်းလောက၊ ရဲ၊ စစ်တပ် စတဲ့ လက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကနေ တိုင်းပြည်ကို စီမံအုပ်ချုပ်ရတဲ့ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ အစိုးရထိအောင် ဗိုလ်ကျစီးပိုးရေးဝါဒနဲ့ ဘူလီယဉ်ကျေးမှုဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ မဟုတ်လား။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာမသိမ်းခင်မှာ ဗိုလ်ကျမှုတွေ မရှိဘူးလားလို့ စောဒကတက်စရာ ရှိလိမ့်မယ်။ ဘယ်လူ့အဖွဲ့အစည်းမဆို စင်းလုံးချောတော့ မရှိဘူး။ နည်းတာနဲ့ များတာပဲ ကွာလိမ့်မယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်း သေနတ်ဖောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံတော်အာဏာကို ဓားပြတိုက် လုယူမှုဟာ ဗိုလ်ကျစီးပိုးရေးအလံကို ဒို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ တရားဝင်စိုက်ထူလိုက်တာ ဖြစ်တယ်။ ဗြောင်ကျကျ အနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲ လက်ပြောင်းယူနိုင်ဖို့ အမွေဆိုးကို ထားရစ်ခဲ့တာ ဖြစ်တယ်။ အဲဒီကတည်းက ဒို့နိုင်ငံမှာ မိသားစုတစုတည်းမှာတင်၊ လင်က မယားကို အနိုင်ကျင့်တာ၊ မယားက လင်ကို အနိုင်ကျင့်တာ၊ မိဘက သားသမီးကို အနိုင်ကျင့်တာ၊ သားသမီးက မိအိုဖအိုကို အနိုင်ကျင့်တာ၊ ညီအစ်ကိုမောင်နှမသားချင်းကြား အနိုင်ကျင့်တာတွေ ပိုရှိလာသလို ၀န်ထမ်းလောကမှာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအထဲမှာ၊ အထက်အရာရှိက အောက်လက်ငယ်သားကို နိုင်လိုမင်းထက်ပြုကျင့်သလို၊ အဆက်အသွယ်ကောင်းတဲ့ လက်အောက်ငယ်သားကလည်း ရိုးသားတဲ့ အထက်အရာရှိကို အနိုင်ကျင့်တာတွေ၊ အုပ်စုဖွဲ့ ဗိုလ်ကျတာတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေအကြားမှာ၊ သံဃာအဖွဲ့အစည်းတွေအထဲမှာ လူမျိုးတမျိုးနဲ့တမျိုးကြား၊ ဘာသာတခုနဲ့ တခုအကြား၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအပင်းတွေအထဲမှာ အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေ တရားဝင်လို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ တွေ့ရတယ်။ ဆိုလိုချင်တဲ့သဘောက အုပ်ချုပ်သူအစိုးရကိုယ်တိုင်က လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူကို ဗိုလ်ကျခဲ့တော့ ခေါင်ကစလို့ ကြမ်းပြင်အထိ ပိုင်ရာဆိုင်ရာအလိုက် ဗိုလ်ကျစီးပိုးလိုက်ကြတာ ဒို့နိုင်ငံလည်း ဘူလီတိုင်းပြည်ကြီးလုံးလုံး ဖြစ်ခဲ့ရတာ မဟုတ်လား။ အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျတာကို (Bullying) လုပ်တယ်လို့ သုံးနှုန်းတယ်။ လူတဦးက အခြားတဦးကို ဒါမှမဟုတ် လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို ဘာကြောင့် အနိုင်ကျင့်ကြပါလိမ့်။ ဒီမေးခွန်းကို သေသေချာချာ စဉ်းစားလိုက်ရင် အောက်ပါအတိုင်း ရိုးရှင်းတဲ့အဖြေကို တွေ့ရမှာပါ။ အသိတရားချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့ သိက္ခာကင်းမဲ့မှုတွေကြောင့် လူတဘက်သားရဲ့ တန်ဖိုးကို မှားယွင်းစွာ တွက်ချက်မိရာက ထွက်ပေါ်လာတဲ့ ပြုမူတုံ့ပြန်မှုတွေဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.) မိသားစုတစု၊ အဖွဲ့အစည်းတစု၊ အုပ်ချုပ်သူအစိုးရတရပ်အထဲမှာ လုပ်ပိုင်ခွင့်အာဏာ ရထားတဲ့သူဟာ သူရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချဖို့လည်း လိုပါတယ်။ အဲ့ဒီလုပ်ပိုင်ခွင့်နဲ့ အာဏာကို မှားယွင်းစွာ ရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာကိုလည်း တန်ဖိုးမထားတော့ဘဲ အာဏာကို အလွဲသုံးစားပြုပြီး တခြားသူတွေကို အနိုင်ကျင့် ဗိုလ်ကျတော့တာပါပဲ။ ဒို့တိုင်းပြည်မှာ ဗွက်ထအောင် ဖြစ်ပွားနေတဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ကြည့်လိုက်ရင် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဖြစ်ပွားနေတာ တွေ့ရတယ်။ တချို့က ကိုယ်ကာယဗလအားကိုးနဲ့ အနိုင်ကျင့်ကြတယ်။ တချို့က လက်နက်အားကိုးနဲ့ ဗိုလ်ကျတယ်။ တချို့က စီးပွားရေးအင်အားနဲ့ အနိုင်ကျင့်ကြတယ်။ တချို့က ဉာဏ်ရည်အားကိုးနဲ့ ဗိုလ်ကျတယ်။ တချို့က အဆက်အသွယ် အပေါင်းအသင်းအားကိုးနဲ့ အနိုင်ကျင့်တယ်။ တချို့က အရေအတွက်အင်အားနဲ့ အများစုက အနည်းစုကို စော်ကား အနိုင်ကျင့်ကြတယ်။ တချို့က လုပ်ပိုင်ခွင့်အာဏာနဲ့ အနည်းစုက အများစုကို ဗိုလ်ကျကြတယ်။ တချို့ကျတော့ မွေးကတည်းက သန္ဓေဆိုး၊ ညာဉ်ဆိုးနဲ့ တမင်သက်သက် ဗိုလ်ကျရတာကို နှစ်သက်ရင်းစွဲရှိတဲ့ လူ့ဂျပိုးတွေ ဖြစ်နေတတ်သလို တချို့ကျတော့ ဗိုလ်ကျလိုတဲ့စိတ် မရှိပေမယ့် အစဉ်အလာအဟောင်း၊ ဓလေ့အဟောင်းတွေကြောင့် မရည်ရွယ်ဘဲ ဗိုလ်ကျသလို ဖြစ်နေတတ်တာတွေ သတိပြုမိဖို့ လိုတယ်။ ဒါကြောင့် ဒို့တိုင်းပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေ အောက်ခြေကစလို့ နိုင်ငံတော်အဆင့်ထိ ရှိနေတာကို အားလုံးက အမြစ်လှန်ပစ်ဖို့လိုတယ်။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဗိုလ်ကျမှုတွေ ကြုံလာရရင် ဥပမာ-လက်မှတ်တန်းစီနေတာကို ကြားဖြတ်တိုးဝင် ဗိုလ်ကျရင် အားလုံးက ခေါင်းငုံ့မခံဘဲ ၀ိုင်းဝန်းဆန့်ကျင်ရမယ်။ မသိတဲ့သူတွေကို သိတဲ့သူတွေက အနိုင်ကျင့်မှုမှန်ရင် မြင်တတ်လာအောင်၊ သိလာရင်လည်း ဆန့်ကျင်ရဲတဲ့ သတ္တိတွေ ရှိလာအောင် ပညာပေးလှုံ့ဆော်မှုတွေကို လုပ်ကြရမယ်။ ဒို့တိုင်းပြည်မှာ လူတိုင်းသိတဲ့ ကမ္ဘာကျော် နိုင်ငံတော်အဆင့် ဗိုလ်ကျမှုကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တယ်။ နာဂစ်မုန်တိုင်းကြီးကြောင့် တနိုင်ငံလုံး အသုဘရှုနေရတဲ့အချိန်မှာ အောက်လမ်းနည်းသုံးပြီး မသာအိမ် ဖဲလိမ်ရိုက်သလို ဇွတ်အတည်ပြုထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ ဗိုလ်ကျအနိုင်ကျင့်မှု ပြယုဂ်တခုဖြစ်လို့ နိုင်ငံသားတိုင်းက ဆန့်ကျင်ရမှာဖြစ်သလို ဒီမိုကရေစီကို အာမခံမယ့် အခြေခံဥပဒေဖြစ်အောင် ပြင်ဆင်ကြရမှာ ဒို့အားလုံးရဲ့ သမိုင်းပေးတာဝန် ဖြစ်တယ်ဆိုတာ ထပ်မံ အသိပေးလိုက်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရရင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ အကျင့်ဟောင်းတွေပြင်ဖို့ လူလူချင်း အနိုင်ကျင့် ဗိုလ်ကျတာတွေ ရပ်တန့်ဖို့ ခေတ်ပြောင်းခေါင်းလောင်းထိုးလို့ လှုပ်နှိုးနေပါပြီ။ အောက်ခြေနင်းပြား ဆင်းရဲသားကနေ ဟိုးခေါင်ဖျားက နိုင်ငံတော်အဆင့် တာဝန်ယူထားတဲ့ အုပ်ချုပ်သူ လူတန်းစားအထိ ရှိရှိသမျှ ဗိုလ်ကျတတ်သူများ အချိန်မီ အသိတရားရ ပြင်ဆင်ချိန် ရောက်နေပါပြီလို့ ထပ်လောင်းသတိပေးလိုက်ပါတယ်။ ပြင်ဆင်ချိန်ရောက်နေတာ သိပါလျက်နဲ့ မိုက်မိုက်မဲမဲ ခေါင်းမာနေဦးမယ်ဆိုရင် ခေတ်ပြောင်း သမိုင်းဘီးကြီးရဲ့ ကြိတ်ချေခြင်းခံရမယ့်အပြင် ကံနဲ့ ကံရဲ့အကျိုးဆက်တွေဟာ အဆတိုးမြန်ပိုလို့ ပြင်းထန်လာနေတာ ဉာဏ်မျက်စိနဲ့ ကြည့်နိုင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024