A d v e r t i s e m e n t With Us

မိုင်းရှူးတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား၊ လူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတဦး။ (ဓာတ်ပုံ - NamKaungKham Facebook)
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက်က ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွားပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ မိုင်းရှူးမြို့ ရပ်ကွက် ၄ က လယ်ကွင်းတခုထဲမှာ နိုဝင်ဘာ ၂၄ ရက် မနက် ၈ နာရီအချိန်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး ဒေသခံလူငယ် ၂ ဦး ဒဏ်ရာရသွားတယ်လို့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ နန်းကောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ "ရပ်ကွက် ၄ ထဲက ဦးအောင်ပေါဝ်းတို့ရဲ့ လယ်ကွင်းထဲမှာ ဒီမနက်က ပေါက်ကွဲမှု ဖြစ်ပါတယ်။  တံတားနားမှာ ပေါက်တာ၊ လယ်ထဲကို စပါးရိတ်သွားတဲ့ လူငယ် ၂ ယောက်တော့ ထိသွားတယ်။ တယောက်က ခေါင်းမှာ၊ ပါးပြင်နဲ့ ညာဘက်လက်မောင်းမှာ ဒဏ်ရာရတယ်၊ နောက်တယောက်က ညာဘက်ခြေထောက်၊ ညာဘက်လက်နဲ့ ဗိုက်မှာထိတယ်။ မနက် ၁၀ နာရီမှာ သူတို့ ၂ ယောက်လုံးကို အုပ်ချုပ်ရေးမှူး၊ စစ်တပ်နဲ့ ရဲတွေက ကားနဲ့ လာခေါ်သွားတယ်၊ ခိုလမ်ဆေးရုံကို ပို့ပေးမယ်လို့ ပြောသွားပါတယ်ရှင့်။" ဒဏ်ရာရသူ လူငယ် ၂ ဦးမှာ အသက် ၂၅ နှစ်အရွယ် စိုင်းအိုက်ရွှေနဲ့ အသက် ၁၉ နှစ်အရွယ် စိုင်းအိုက်ပေါက်တို့ဖြစ်ကြပြီး ၂ ယောက်လုံး ရပ်ကွက် ၄ ကဖြစ်ကြောင်း၊  သူသွားကြည့်စဉ် အာဏာပိုင်တွေက ကားပေါ်တင်ဆောင်နေပြီဖြစ်တဲ့အတွက် ဒဏ်ရာအကြီးအသေးကိုတော့ မသိရကြောင်း၊ လူငယ် ၂ ဦးကတော့ သူ့ကို စကားပြန်ပြောနိုင်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲအရာဝတ္ထုနဲ့ အကြောင်းရင်းကိုတော့ မသိရကြောင်း၊ အာဏာပိုင်တွေလည်း ဘာပေါက်ကွဲသလဲဆိုတာ ထုတ်ဖော်ပြောကြားတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။ မိုင်းရှူးမြို့ ရပ်ကွက် ၄ ထဲမှာ ဒီလ ၁၇ ရက်နေ့ညက ဦးတိမာတို့ အိမ်ရှေ့မှာတကြိမ်၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က မြို့လည်ကျောင်းတိုက် လမ်းကြားမှာတကြိမ်၊ လက်လုပ်ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ကိုရင် ၂ ပါးနဲ့ သက်ကြီးရွယ်အို အမျိုးသမီးတဦး၊ မိန်းကလေးငယ်တဦး ဒဏ်ရရခဲ့ပါတယ်။ သက်ကြီးရွယ်အို အမျိုးသမီးကတော့ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းမှာ ပင်ပန်းမှုဒဏ် မခံနိုင်ဘဲ ဆုံးပါးသွားခဲ့ပါတယ်။ မိုင်းရှူးမှာ အခုလို မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့်ရော၊ မြို့နဲ့ ၅ မိုင် ၆  မိုင်ခန့်အကွာ တောထဲက ပစ်ခတ်သံတွေကိုပါ မကြာခဏ ကြားနေရတဲ့အတွက် ဒေသခံများ နေ့စဉ် ဘ၀သွားလာနေထိုင်ရာမှာ လုံခြုံမှုမရှိသလို ခံစားနေရတယ်လို့ နန်းကောင်ခမ်းက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up