A d v e r t i s e m e n t With Us

အဂတိလိုက်စားမှု ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်း အားနည်းနေ

အဂတိလိုက်စားတာတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းမှာ အားနည်းချက်တွေ ရှိနေသေးတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကော်မရှင်အနေနဲ့ ဘယ်စနစ်နဲ့ အရေးယူဆောင်ရွက်နေပြီး အောင်မြင်မှုရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာပါ။ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက "တချို့နေရာတွေမှာတော့ အဂတိလိုက်စားတာ ပျောက်သွားပါတယ်။ ဒါပေမယ့် အဂတိလိုက်စားတာနဲ့ လာဘ်ပေးလာဘ်ယူတာတွေ ပိုများလာတာကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့် မအောင်မြင်ဘူးလို့လည်း ပြည်သူတွေက ဝေဖန်တာကို ကြားရပါတယ်" လို့ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။ ဒီမေးခွန်အပေါ်မှာ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က တာဝန်ပေးတာကလွဲရင် တိုင်ကြားတာမရှိဘဲ စစ်ဆေးဖို့ ဥပဒေမှာ မပါဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြ၀င်းက ဖြေပါတယ်။ ပြီးတော့ "အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ လုပ်ပိုင်ခွင့်အာဏာ ရှိသူများရဲ့ မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်များနဲ့ စပ်လျဉ်းပြီး ကော်မရှင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံစစ်ဆေးပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီပြဋ္ဌာန်းချက်မှာပါတဲ့ လုပ်ငန်းများမှာ ကြီးမားကျယ်ပြန့်တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့ ပုံစံများ စနစ်တကျ သတ်မှတ်ထားရှိမှု မရှိဘဲနဲ့ လုပ်ကိုင်လို့မရပါဘူး" လို့လည်း သူက ပြောပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အခုမှ အခြေခံ အုတ်မြစ်ချနေရတဲ့ သဘောပါလို့လည်း သူက ဆိုပါတယ်။ အဲဒီအတွက် လိုအပ်ချက်တွေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်ကို တင်ပြထားတယ်လို့လည်း ဖြေဆိုရာမှာ ပြောကြားခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၄ မတ်လမှာ စဖွဲ့ခဲ့တာပါ။  စဖွဲ့တဲ့နေ့ကနေ ဒီနေ့အထိ တရားစွဲ အရေးယူခဲ့တာ ၉ ဦး၊ ၀န်ထမ်းစည်းကမ်းအရ အရေးယူတာ ၁၂၅ ဦးနဲ့ လက်ရှိ စုံစမ်းနေတာ ၃ ဦးရှိပြီး နိုင်ငံတော်ကို ကျပ်သိန်း ၁၀၀ ကျော် ပြန်သွင်းခဲ့နိုင်တယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up