နီပေါတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ပစ်ခတ်နှိမ်နင်း

အဝေးပြေးလမ်းတွင် စောင့်ကြပ်နေသည့် နီပေါရဲတပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ - ရိုက်တာ)
951
နီပေါနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲအဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ လူ ၂ ဦး သေဆုံးသွားပါတယ်။
နီပေါမှာ စက်တင်ဘာလက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုပြီးကတည်းက နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတာပါ။
အိန္ဒိယနဲ့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေက ဖွဲ့စည်းပုံသစ်ဟာ သူတို့ အခွင့်အရေးကို လျစ်လျူရှုထားတယ်လို့ ဝေဖန်ပြီး ဆန္ဒပြနေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က အဖြစ်အပျက်မှာတော့ အဝေးပြေးလမ်းကို ပိတ်ပြီး ဆန္ဒပြနေသူတွေကို ရဲအဖွဲ့က လူစုခွဲခိုင်းတာ မရတဲ့အဆုံးမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဆန္ဒပြသမား ၂ ဦး သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရသလို ရဲ ၂၅ ဦးလည်း ရေနံဆီဗုံး၊ ပုလင်းခွံ၊ ကျောက်တုံးတွေ၊ တုတ်တွေနဲ့ အပစ်ခံရလို့ ဒဏ်ရာရခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒပြမှုတွေအတွင်း ထိပ်တိုက်တွေ့ပြီး အခုအထိ သေဆုံးသူ ၅၀ ကျော်သွားပါပြီ။