အရပ်မျက်နှာအားလုံးကို မြင်နိုင်စွမ်းရှိသည့် ဆိုင်ကယ်စီးဦးထုပ် (ရုပ်သံ)

မားကက်စ်ဝယ်လာအဖို့တော့ ဒီစိတ်ကူးဟာ မတော်တဆဖြစ်ရပ်တခုကနေ ရလာတာပါ။ ဘာစီလိုနာမြို့မှာ မော်တော်ဆိုင်ကယ်စီးနေတုန်း လမ်းပေါ်ကအကြည့်ခွာခိုက် ကားတစီးကို နောက်က ၀င်တိုက်မိခဲ့ပါတယ်။ နောက် ၂ နှစ်လောက်ကြာချိန်မှာ ဒီအဖြစ်အပျက်ကိုပြန်ပြီး အိပ်မက် မက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအိပ်မက်ထဲမှာတော့ သူဘာမှမထိခိုက်သွားပါဘူး။ "လမ်းတလျှောက် မောင်းလာတုန်း ရှေ့ကကား ဘရိတ်အုပ်တာ မြင်လိုက်ချိန်မှာ ကျနော်က ရုတ်ခြည်းကွေ့ချပစ်လိုက်တော့ မတော်တဆထိခိုက်မှု ဖြစ်တော့တာပါပဲ။ အဲဒီအချိန်မှာပဲ ကျနော် လန့်နိုးသွားပြီး အိပ်ရာထဲတင် ထထိုင်မိတယ်။ တကိုယ်လုံး ကြက်သီးတွေထလာပြီး အင်း ဒါကတော့ လူ့အသက်ပေါင်းများစွာ ကယ်နိုင်တော့မယ်လို့ တွေးလိုက်မိတယ်။" ဒီအိပ်မက်ကြောင့် စိတ်ကူးရသွားပြီး ၀ယ်လာဟာ တီထွင်ဖူးသမျှထဲမှာ အကောင်းဆုံး ဆိုင်ကယ်ဦးထုပ်ကို တီထွင်ဖို့ ဖြစ်လာခဲ့ပါတယ်။ အနုပညာမြောက် ဗွီဒီယိုစနစ်ကို သုံးထားပြီး အားကောင်းတဲ့ ကွန်ပျူတာ တပ်ဆပ်ထားသလို ဆောင်းသူအတွက် ရုပ်မြင်စနစ်ပါတာမို့ ဒီဦးထုပ်ဟာ ဆိုင်ကယ်စီးနင်းသူကို မျက်ကွယ်ဆိုတာမရှိဘဲ အရပ်မျက်နှာအားလုံးကို မြင်နိုင်စွမ်းရှိပါတယ်။ "ဟဲလ်မတ်ထဲမှာပါတဲ့ ဗွီဒီယိုစနစ်က ၁၈၀ ဒီဂရီ မြင်ကွင်းပြည့် မြင်နိုင်တဲ့ စနစ်ပါ။ ထောင့်ကျယ်ကင်မရာဖြစ်တဲ့အတွက် ကိုယ့်ဦးခေါင်းရဲ့နောက်ကို မြင်နိုင်သလို ကိုယ့်မျက်စိကို ပင့်ကြည့်ရုံနဲ့ ပို့လိုက်တဲ့ ပုံရိပ်တွေကို ရုပ်မြင်စနစ်မှာ မြင်နေရမှာပါ။" လူသားတွေဟာ တနာရီ ၁၂၀ ကီလိုမီတာနှုန်းလောက် မြန်မြန်မသွားနိုင်ဘူးလို့ ၀ယ်လာက ဆိုပါတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့ တီထွင်သူတွေဟာ ဒီမြင်ကွင်းကို လူ့ဦးနှောက်ရဲ့ ဖြေရှင်းပုံနဲ့ ချိန်သားကိုက်ထားတဲ့ နည်းပညာကို အသုံးချခဲ့ပါတယ်။ "ဒီဦးထုပ်က လမ်းတလျှောက်မှာ ကျနော်တို့ရဲ့ဦးနှောက်နဲ့ အမြင်အာရုံစနစ်ကို မြှင့်တင်ပေးပြီး ကြည့်လေရာတိုင်း ပြတ်ပြတ်သားသား မြင်လာတယ်။ အမြင်အာရုံအပေါ် ဦးနှောက်ရဲ့ တုံ့ပြန်ပုံ မြန်လာတဲ့အတွက် ကြောက်မက်ဖွယ် ယာဉ်တိုက်မှုတွေကို လျော့ကျသွားစေတာပါ။" ဒီဟဲလ်မတ်က ဘလူးတုသ်ကတဆင့် ဖုန်းနဲ့ချိတ်ဆက်ပြီး ခေါ်ဆိုမှုတွေလည်း လုပ်နိုင်ပါတယ်။ ကိုယ့်မျက်စိက လမ်းပေါ် မပြတ်ကြည့်နေချိန်မှာ ဒီဦးထုပ်က GPS လမ်းကြောင်းပြစနစ်တွေ အလုပ်လုပ်နေသလို ဂီတနဲ့ ဖျော်ဖြေမှု ပေးနေမှာပါ။ နှစ်ချီ သုတေသနပြု အရည်အသွေး မြှင့်တင်ပြီးရင်တော့ ပထမဆုံး ဟဲလ်မတ်တွေကို ခရစ်စမတ်ရာသီချိန်အတွင်း ၀ယ်သူတွေလက်ထဲ အရောက်ပို့ဆောင် ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up