ခြေထောက်တဘက် ဖြတ်လိုက်ရသည့် ထိုင်းပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသား ပေါထစ်ဆဒီ

2.3K
ထိုင်းနိုင်ငံက ပြည်သူ့အချစ်တော် နာမည်ကြီး ရုပ်ရှင်မင်းသား၊ အဆိုတော် ပေါထစ်ဆဒီဟာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်ကုသနေရာက ခြေထောက်တဘက် ဖြတ်လိုက်ရတဲ့ အခြေအနေကို ရောက်သွားတယ်လို့ ဘန်ကောက် ရာမဓိပတိဆေးရုံက ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မင်းသား ပေါထစ်ဆဒီမှာ သွေးလွန်တုပ်ကွေးပိုး မရှိတော့ပေမယ့်လည်း ဘယ်ဘက်ခြေထောက်မှာတော့ နောက်ဆက်တွဲ အခြားရောဂါပိုး ၀င်သွားတဲ့အတွက် တခြားခန္ဓာအစိတ်အပိုင်းဆီ မကူးစက်ခင် ခြေထောက်ဖြတ်လိုက်ရတာလို့ နိုဝင်ဘာ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၁၄ ကြိမ်မြောက် ကြေညာချက်မှာ ဖော်ပြပါတယ်။
သူ့ရဲ့သွေးခုန်နှုန်းကို ပုံမှန်အဖြစ် ပြန်လည်ထိန်းချုပ်နိုင်ပေမယ့်လည်း အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်နေတာကြောင့် စီစီယူ (အထူးအရေးပေါ်ခန်း) မှာ ဆက်လက်ထားရှိရမယ်လို့ ဆိုပါတယ်။
မင်းသားဟာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးရုံတက်နေရတာ ဆယ်ရက်ကျော်ပြီ ဖြစ်ပါတယ်။
မင်းသားအတွက် သွေးလိုအပ်ကြောင်း ကြေညာရာမှာ ပရိသတ်ထဲက သွေးလှူရှင်တွေ နေ့စဉ် အယောက် ၁၀၀ မှ ၂၀၀ ထိ လာရောက်လှူဒါန်းကြပါတယ်။
မင်းသားတက်ရောက်ကုသနေတဲ့ ရာမဓိပတိဆေးရုံမှာလည်း နေ့စဉ် ပန်းလက်ဆောင်ပေးပို့သူတွေနဲ့ စည်ကားလို့နေပါတယ်။
အသက် ၂၇ နှစ်အရွယ် မင်းသား ပေါထစ်ဆဒီဟာ လူပျိုလူလွတ်လို့ ပရိသတ်တွေက သိထားကြပေမယ့် ဆေးရုံရောက်မှ လက်ထပ်ထားတဲ့ ဇနီးနဲ့ ၂ နှစ်ရွယ်သမီးလေး ရှိတာကို လူတွေက အံ့သြစွာ သိလိုက်ရပြီး သမီးလေး မလိကလည်း အရမ်းချစ်စရာကောင်းတဲ့အတွက် သတင်းထောက်တွေအဖို့ ဖခင်ရဲ့သတင်းရော သူ့သမီးရဲ့ နေ့စဉ်လှုပ်ရှားမှု သတင်းကိုပါ လာရောက်ရိုက်ကူးကြတာကို တွေ့ရပါတယ်။