နယူးဇီလန် ရေခဲမြစ်ထဲ ရဟတ်ယာဉ်တစင်းထိုးကျ၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် (ရုပ်သံ)

3.8K
နယူးဇီလန်နိုင်ငံ၊ ဖောက်စ်ရေခဲမြစ်ထဲကို နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက ရဟတ်ယာဉ်တစင်း ထိုးကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ရဲတွေက ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်ပါ အင်္ဂလန်နိုင်ငံက ခရီးသည် ၄ ဦး၊ သြစတြေးလျနိုင်ငံက ခရီးသည် ၂ ဦးနဲ့ နယူးဇီလန်နိုင်ငံက ရဟတ်ယာဉ်မောင်းသူ ၁ ဦး သေဆုံးခဲ့တာပါ။
ဖောက်စ်ရေခဲမြစ်အနီးမှာ ရာသီဥတု ဆိုးဝါးတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာအနီးက အလောင်း ၃ လောင်းကို ယာယီရေခဲတိုက်တခုထဲမှာ ရက်အနည်းငယ် ထားရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေက အဲဒီရဟတ်ယာဉ်ဟာ လှပတဲ့ရှုခင်းတွေ ကြည့်ရှုနိုင်ဖို့ ရေခဲပြင်ပေါ် ဆင်းသက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲမှာ ရောက်နေတဲ့ နယူးဇီလန်နိုင်ငံ ၀န်ကြီးချုပ် ဂျွန်ကီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း ဖောက်စ်ရေခဲမြစ်ထဲကို ဦးတည်ပျံသန်းလာတဲ့ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါ လူ ၉ ဦး သေဆုံးခဲ့ပါသေးတယ်။