တိုကျို စစ်သည်တော်ဗိမာန်တွင် ပေါက်ကွဲမှုဖြစ်

1.3K
ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ စစ်သည်တော်ဗိမာန်မှာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး မျက်နှာကျက်၊ အများသုံးရေချိုးခန်းတခုတို့ ပျက်စီးသွားတယ်လို့ ဂျပန် မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဒဏ်ရာရသူတွေတော့ မရှိပါဘူး။
သံသယဖြစ်ဖွယ် အရာဝတ္ထုကို ရှင်းလင်းဖို့အတွက် ဗုံးရှင်းလင်းရေးအဖွဲ့ကို ရဲအဖွဲ့က စေလွှတ်ထားတယ်လို့လည်း သတင်းက ဆိုပါတယ်။
အများသုံးရေချိုးခန်း မျက်နှာကျက်မှာ အပေါက်ကြီးတခုကို တွေ့ရသလို ဘက်ထရီနဲ့ ခဲ၊ ၀ါယာတို့ကို တွေ့ရှိရတယ်လို့ အန်အိပ်ခ်ျကေသတင်းက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ ယာစူကူနီ စစ်သည်တော်ဗိမာန်ဟာ အတိတ်က ဂျပန်စစ်ဝါဒကို ကိုယ်စားပြုပြီး ဂျပန်နိုင်ငံရေးသမားတွေ သွားရောက် အရိုအသေပေးတိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ကိုလိုနီပြုတာကို ခံခဲ့ရတဲ့ တရုတ်နဲ့ တောင်ကိုရီးယားတို့က ကန့်ကွက်လေ့ ရှိပါတယ်။