မြောက်ပိုင်းကော့ကေးဆပ်ပြည်နယ်တွင် အိုင်အက်စ် စစ်သွေးကြွ ၁၁ ဦးကို ရုရှား သုတ်သင် (ရုပ်သံ)

10.8K
ရုရှားလုံခြုံရေးတပ်တွေက မြောက်ပိုင်း ကော့ကေးဆပ်ပြည်နယ် ဒေသအတွင်း အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး လက်နက်စခန်းကို ဖျက်သိမ်းခဲ့တယ်လို့ နိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မရှင်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။
စစ်သွေးကြွတွေဟာ ရုရှားတောင်ပိုင်းက တောတောင်ထူထပ်တဲ့ ကာဘာဒီနို ဘော်ကာရီးယား ဒေသမှာ ခံတပ် အခြေစိုက်စခန်း တည်ထားခဲ့တယ်လို့လည်း ပြောပါတယ်။
ကော်မတီက ဖြန့်ချိတဲ့ ရုပ်သံထဲမှာတော့ တောထဲမှာ ဆင်ထားတဲ့ လက်နက်တွေနဲ့ ခံတပ်တွေကို ပြထားသလို လုပ်ဗုံးတွေကို ဖျက်ဆီးလို့ ပေါက်ကွဲတာတွေကိုလည်း ပြထားပါတယ်။
ရုရှားဟာ စက်တင်ဘာ ၃၀ က စပြီး ဆီးရီးယားနိုင်ငံထဲက ပစ်မှတ်တွေကို အကြီးအကျယ် ဗုံးကြဲခဲ့တာပါ။
ရုရှားအစိုးရကတော့ သူတို့ဟာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို အာရုံစိုက်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် အကဲခတ်တွေကတော့ ရုရှားဟာ မဟာမိတ် ဆီးရီးယားသမ္မတရဲ့ အတိုက်အခံတွေကို ပစ်မှတ်ထားနေတယ်လို့ ပြောပါတယ်။
အီဂျစ်နိုင်ငံ စီနိုင်းကျွန်းဆွယ်မှာ ရုရှားလေယာဉ်ကို အိုင်အက်စ်တွေက ဖောက်ခွဲခဲ့အပြီး အိုင်က်စ်တွေကို ပစ်မှတ်ထားမှု တိုးလာပါတယ်။
အိုင်အက်စ်တွေက ရုရှားလေတပ်ရဲ့ လှုပ်ရှားမှုကို တုံ့ပြန်ပြီး ဗုံးထောင်ခဲ့တာလို့ ပြောသလို ရုရှားကို ပိုတိုက်ခိုက်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။
ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီကတော့ စစ်သွေးကြွတွေဟာ မြောက်ပိုင်း ကော့ကေးဆပ်ဒေသမှာ တိုက်ခိုက်မှုတွေ အတွဲလိုက်လုပ်ဖို့ ပြင်ဆင်နေခဲ့တယ်လို့ ပြောပါတယ်။
ရုရှားအစိုးရဟာ မြောက်ပိုင်းကော့ကေးဆပ် ဒေသက စစ်သွေးကြွတွေရဲ့ သူပုန်ထမှုကို နှိမ်နင်းဖို့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရတာပါ။
ဒီဒေသမှာ မွတ်စလင်တွေ အဓိကနေပြီး အဲဒီဒေသက ခွဲထွက်ရေးသမားတွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်ပွဲ ၂ ကြိမ် တိုက်ခဲ့ဖူးပါတယ်။