အသေခံဗုံးခွဲမှု၊ အကြမ်းဖက်မှုများ ကိုင်တွယ်ဖြေရှင်းရန် နယူးယောက်ရဲများ လေ့ကျင့် (ရုပ်သံ)

2K
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရဲတွေက ကြိုတင်ပြင်ဆင်မှုကို စမ်းသပ်တဲ့အနေနဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က လုံခြုံရေး လေ့ကျင့်ခဲ့ပါတယ်။
ဒီလေ့ကျင့်မှုကို မနှစ်ကတည်းက စီစဉ်ခဲ့ပြီး အမေရိကန် မြို့ကြီးအတော်များများမှာ အရေးပေါ်အဖွဲ့တွေကို မတူတဲ့ပုံစံ အမျိုးမျိုးနဲ့ ပြင်ဆင်ဖို့ လေ့ကျင့်ခဲ့တာလို့ နယူးယောက်မြို့ ရဲချုပ် ဝီလီယံ ဘရတ်တွန်က ပြောပါတယ်။
အသေခံ ဗုံးခွဲသမား၊ အကြမ်းဖက်တွေ ထောင်ထားခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တကိုယ်တော် သေနတ်သမား စတဲ့ ပုံစံအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံတွေ လေ့ကျင့်တာလို့ သူက ဆက်ပြောပါတယ်။
လေ့ကျင့်မှုအတွင်း ရဲတွေ၊ မီးသတ်သမားတွေနဲ့ တခြားလူတွေက လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (အက်ဖ်ဘီအိုင်) တို့နဲ့ ပူးပေါင်းညှိနှိုင်းပြီး လေ့ကျင့်ခဲ့တာပါ။
"တကိုယ်တော် လှုပ်ရှားတဲ့ ခြိမ်းခြောက်မှုတွေဟာ ကျနော်တို့ ဆက်ပြီး အာရုံစိုက်နေတဲ့ ကိစ္စတွေထဲက တခုပါ။ ခြိမ်းခြောက်မှုက ပါရီတိုက်ခိုက်မှု မတိုင်ခင်တည်းက ရှိခဲ့တယ်" လို့ လုံခြုံရေးဝန်ကြီး ဂျန် ဂျွန်ဆင်က ပြောပါတယ်။
နိုဝင်ဘာလလယ်က ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေအတွင်း လူအယောက် ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။