နိုင်ငံရေး၊ စီးပွားရေး ပေါင်းစည်းမည့် သမိုင်းဝင်သဘောတူညီချက် အာဆီယံ ၁၀ နိုင်ငံ လက်မှတ်ထိုး

820
အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံ နိုင်ငံရေးနဲ့ စီးပွားရေး ပေါင်းစည်းမယ့် သမိုင်းဝင် သဘောတူညီချက်ကို အာဆီယံ ခေါင်းဆောင်တွေ နိုဝင်ဘာ ၂၂ ရက်က သဘောတူ လက်မှတ်ထိုးလိုက်ကြပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ သဘောတူညီချက် ၅ ခုကို လက်မှတ်ထိုးလိုက်တာပါ၊
ASEAN Community လို့ ခေါ်တဲ့ အာဆီယံ အသိုက်အ၀န်းကို တည်ဆောက်ရေး၊ ၂၀၂၅ ကို ရည်မှန်းပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ နိုင်ငံရေး၊ လုံခြုံမှု၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှုတို့ ပေါင်းစည်းရေးအတွက် သဘောတူညီချက်တွေ ပါဝင်ပါတယ်။
ဒီသဘောတူညီချက်တွေဟာ အာဆီယံ စီးပွားရေး အသိုက်အ၀န်း ဖြစ်ဖို့ အတားအဆီး ဖြစ်နေတာတွေကို နောက်ဆုံး အဆင့်အနေနဲ့ ရှင်းလင်းပေး လိုက်တာ ဖြစ်ပါတယ်။
ပေါင်းစည်းတဲ့ အသိုက်အ၀န်း သဘောတူညီချက်မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ တခုတည်းသော ဈေးကွက်ကို ဖန်တီးကြမှာ ဖြစ်ပါတယ်၊ ထုတ်လုပ်မှုကို အခြေခံ၊ ပြိုင်ဆိုင်မှုကို အားပေးတဲ့ တန်းတူညီမျှ ဖွံ့ဖြိုးရေး ဖြစ်ထွန်းဖို့ မျော်မှန်းထားပါတယ်။
အာဆီယံကို ကမ္ဘာ့စီးပွားရေးနဲ့ ပေါင်းစည်းဖို့အထိ ရည်မှန်းချက်ထားပါတယ်၊ ဒီအတောအတွင်းမှာ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်တို့ တွေ့ဆုံပြီး အဆင့်မြင့် ဒေသဆိုင်ရာ စီးပွားရေး မဟာမိတ် သဘောတူညီချက်ကို Regional Economic Comprehensive Partnership (RCEP) ညှိနှိုင်းမှုတွေကို ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ဒီသဘောတူညီချက်ကို အပြီးသတ်နိုင်မယ်ဆိုရင် ၁၆ နိုင်ငံ ပါဝင်တဲ့အဖွဲ့ဟာ ကမ္ဘာ့ လူ့ဦးရေရဲ့  ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုမှာ ဖြစ်ပြီး ကမ္ဘာ့ ထုတ်လုပ်မှု ဂျီဒီပီရဲ့  သုံးပုံတပုံကို လွှမ်းခြုံနိုင်မှာ ဖြစ်ပါတယ်။