အမေရိကန်က ယူကရိန်းကို အထူးတိုက်ခိုက်ရေးသင်တန်းပေး ရုပ်သံထွက်ပေါ်

1.5K
ယူကရိန်းအနောက်ပိုင်းက ပြည်နယ်တခုမှာ အမေရိကန် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေက ယူကရိန်းအထူးတပ်ဖွဲ့ဝင်တွေကို အထူးတိုက်ခိုက်ရေးသင်တန်းတွေ ပေးနေပါတယ်။
ဒီသင်တန်းဟာ အခုနှစ်အတွက် နေတိုး-ယူကရိန်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်တခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက သင်တန်းကို စတင်နေတာပါ။
နိုဝင်ဘာ ၂၀ ရက်နေ့က သတင်းမီဒီယာတွေကို ပထမဆုံးအကြိမ် ၀င်ရောက်သတင်းယူခွင့်ပြုခဲ့ပါတယ်။
ဒီနေတိုးအစီအစဉ်ထဲ ယူကရိန်းစစ်တပ်မှာ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး တဖြည်းဖြည်းနဲ့ အထူးတပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်သွားဖို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလက ယူကရိန်းသမ္မတက အခုလိုသင်တန်းဖွင့်လှစ်ဖို့ သဘောတူခဲ့ပြီး ယူကရိန်းအထူးတပ်ဖွဲ့တွေကို နေတိုးအထူးတပ်ဖွဲ့ အဆင့်အတန်းအထိ မြှင့်တင်သွားဖို့ ဖြစ်ပါတယ်။
ဒီအထူးတိုက်ခိုက်ရေးသင်တန်းမှာ ပါဝင်ကြတဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ စစ်ရေးအတွေ့အကြုံရှိပြီးသားတွေ ဖြစ်ကြပါတယ်။
တပ်ဖွဲ့ဝင်တဦးကတော့ အမေရိကန်မဟာမိတ်တွေနဲ့ အခုလိုအတွေ့အကြုံတွေ ဖလှယ်ခွင့်ရတဲ့အတွက် သင်တန်းအပေါ် အားရကျေနပ်ပြီး အများအပြားလည်း လေ့လာသင်ယူခွင့်ရတယ်လို့ ပြောဆိုပါတယ်။ သင်တန်းအားလုံး ၆ လ ကြာမြင့်မယ်လို့ ဆိုပါတယ်။