အိုက်အက်စ်ကို အရှိန်မြှင့်နှိမ်နင်းရန် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်

1.6K
အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အရှိန်မြှင့်နှိမ်နှင်းဖို့ ဥပဒေတရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့တပတ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တိုက်ခိုက်မှုတွေအပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တတ်နိုင်သမျှ နည်းလမ်းစုံသုံး နှိမ်နင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြင်သစ်နိုင်ငံက အဆိုတင်သွင်းခဲ့တာပါ။
ပါရီမြို့တော်တိုက်ခိုက်မှုတွေမှာ နိုဝင်ဘာ ၂၁ ရက်နေ့အထိ သေဆုံးသူ ၁၃၀ ရှိလာခဲ့ပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့က တာဝန်ခံကြေညာထားပါတယ်။
အခုလထဲမှာပဲ လက်ဘနွန်နိုင်ငံ၊ ဘေရွက်မြို့တော် အသေခံဗုံးခွဲမှု ၂ ခုကိုလည်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က လုပ်ဆောင်တာလို့ ၀န်ခံထားပြီး လူ ၄၀ ကျော်သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက လူ ၂၂၄ ဦး သေဆုံးခဲ့တဲ့ ရုရှားလေကြောင်းလိုင်းတခုကို ဗုံးခွဲခဲ့တာကိုလည်း အိုင်အက်စ်အကြမ်းဖက် လက်အောက်ခံအဖွဲ့က လုပ်ဆောင်တယ်လို့ ပြောဆိုပါတယ်။
ပါရီတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်စ်ဆလ်မြို့တော်ကို တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် ဘရပ်စ်ဆလ်မြို့တော်လုံခြုံရေးကို အဆင့်အမြင့်ဆုံး မြှင့်တင်ထားပါတယ်။
ပါရီမြို့တော်တိုက်ခိုက်ခဲ့သူတွေထဲ ဘရပ်စ်ဆလ်မြို့တော်မှာ နေထိုင်သူတချို့ပါဝင်ပြီး နောက်ဆုံး လွတ်နေသေးတဲ့ တယောက်လည်း ဘရပ်စ်ဆလ်မြို့တော်မှာ ရှိနေတယ်လို့ ဘယ်လ်ဂျီယံ လုံခြုံရေးအာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။