အိုင်အက်စ် အကြမ်းဖက်သမားတွေရဲ့ ၀ါဒဖြန့်ချိရေး၊ စည်းရုံးလှုံ့ဆော်ရေးတွေအတွက် အဓိက အသုံးပြုနေတဲ့ အွန်လိုင်းအကောင့်ပေါင်း နှစ်သောင်းကျော်ကို ဒီတပတ်ထဲမှာ လက်စဖျောက် ပိတ်ပစ်နိုင်ခဲ့တယ်လို့ anonymous ဟက်ကာအုပ်စုက နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ်၊ တယ်လီဂရမ် စတဲ့ လူမှုကွန်ရက်တွေအပြင် အွန်လိုင်းချက်ရွန်း ချန်နယ်တွေ၊ ၀က်ဘ်ဆိုဒ်၊ အီးမေးအကောင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ anonymous ဟက်ကာအုပ်စုဟာ ပြီးခဲ့တဲ့တပတ်က ပရဲစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်းမှာ အိုင်အက်စ်တွေကို ဆိုက်ဘာ စစ်ပွဲကြေညာခဲ့တာပါ။
အင်တာနက်ပေါ်မှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ရှင်းလင်းပစ်မယ်လို့ စစ်ကြေညာထားတဲ့ ဟက်ကာတွေဟာ သာမန်အွန်လိုင်းသုံးစွဲသူတွေအနေနဲ့ အင်တာနက်ပေါ်မှာ အိုင်အက်စ် အကောင့်တွေ (သို့) သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တွေ့မိရင် ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတဲ့ သုံးစွဲသူလမ်းညွှန်တွေကိုလည်း ထုတ်ဝေဖြန့်ချိထားပါတယ်။
အကြမ်းဖက်သမားရေးရာနဲ့ လုံခြုံရေး ကျွမ်းကျင်သူ နည်းပညာရှင် တချို့ကတော့ အခုလို ဟက်ကာတွေရဲ့ ဆိုက်ဘာတိုက်ပွဲဟာ ထိရောက်မှု အားနည်းလိမ့်မယ်လို့ ဝေဖန်ကြပါတယ်။
အခုလက်ရှိ ဟက်ကာတွေ တိုက်ခိုက်နိုင်ခဲ့တဲ့ အွန်လိုင်းဆိုဒ်တွေထဲမှာ ၀ါဒဖြန့်ချိရေးတွေသာများပြီး တကယ်တမ်း လူသစ်စည်းရုံးရေးနဲ့ ရန်ပုံငွေ အသယ်အပို့လမ်းကြောင်းတွေကို အနည်းငယ်သာ ထိခိုက်နိုင်တယ်လို့ ထောက်ပြပြီး အိုက်အက်စ်တွေဘက်ကလည်း နက်ဝေါ့ (အွန်လိုင်းကွန်ရက်) တခု ကျသွားရင် ပိုမိုကြီးမားများပြားတဲ့ နက်ဝေါ့တွေ ဆင့်ပွားပေါ်ထွက်လာစေရမယ်လို့ ပြန်လည် ကြိမ်းဝါးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ အိုင်အက်စ်တွေရဲ့ ရာနဲ့ချီတဲ့ အွန်လိုင်းဆိုဒ်တွေကို လုံခြုံရေးဝန်ဆောင်မှုပေးနေတဲ့ အမေရိကန်အခြေစိုက် အင်တာနက်ကုမ္ပဏီ အခု ၄၀ စာရင်းကို ဟက်ကာတွေက ဘဏ်လက်မှတ် အချက်အလက် အစုံအလင်နဲ့ ဖော်ထုတ်ခဲ့ပါတယ်။