A d v e r t i s e m e n t With Us

ဖားကန့်မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွား၊ လူတချို့သေဆုံး

ကချင်ပြည်နယ် ဖားကန့်ဒေသတွင်း ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက် အစောပိုင်းက   စွန့်ပစ် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူနေတဲတွေ ပိမိကာ လူတချို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နီး ဥရုချောင်း တဖက်ကမ်း ဆွတ်အောင်မှော်နဲ့ ရှမ်းစုမှောက်  အကြား ၁၁၁ စွန်ပစ်မြေစာပုံမှာ  ဒီကနေ့ မနက် ၃ နာရီလောက်က  ဖြစ်ပွားခဲ့တာလို့ ဖားကန့်ဒေသခံ ကိုဇော်မိုးထက်က ပြောပါတယ်။ “မနက်အစောကြီးပိုင်း အားလုံး အိပ်နေတဲ့အချိန်ဖြစ်တာ၊ တဲအလုံး ၇၀ ကျော် ၈၀ လောက်ပါသွားတယ်။ အဲဒီတဲတွေမှာက လူမနေဘူးဆိုရင် တဲတတဲကို ၃ ယောက်ကနေ ၅ ယောက် ၆ ယောက်လောက် နေကြတာ များတယ်ဆိုတော့ လက်ရှိခန့်မှန်းရတာပေါ့နော် လူက ၁၀၀ နဲ့ ၂၀၀ ကြား သေဆုံးနိုင်တယ် မြေမြှုပ်သွားနိုင်တယ်လို့ ယူဆရတယ်။ တပိုင်တနိုင် ကိုယ့်ဟာကိုယ်ဖော်တဲ့ဟာကတော့ လူ ၁၀ လောင်းလောက်တော့ရပြီ။” လူသေဆုံးမှုအရေအတွက်နဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာရဲ့ သီးခြားအတည်ပြချက် တော့ မရရှိသေးပါဘူး။ ဒီမနက်အစောပိုင်းအထိတော့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေသုံးပြီး ကျောက်တူးနေတဲ့ ကျောက်တူးဖော်ရေး လုပ်ငန်းတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားပြီး ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး ၅ ကြိမ်လောက်ရှိ သွားပြီဖြစ်ပါတယ်။ တနိုင်တပိုင်ရေမဆေးကျောက်ရှာသူတွေ ဘေးရန်ကင်းစွာ လုပ်ကိုင်နိုင်ဖို့ အာဏာပိုင်တွေအနေနဲ့ စနစ်ကျတဲ့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ဖို့  ဖားကန့် ဒေသခံတွေက  တိုက်တွန်းထားတာဖြစ်ပါတယ်။ ဓာတ်ပုံ - ဇော်မိုးထက်  

A d v e r t i s e m e n t With Us

More News
Up