A d v e r t i s e m e n t With Us

အာဆီယံ ထိပ်သီးညီလာခံ မတိုင်မီ ကွာလာလမ်ပူတွင် လုံခြုံရေး တိုးမြှင့်

ဓာတ်ပုံ - အေအက်ဖ်ပီ
မလေးရှားအာဏာပိုင်တွေက မြို့တော် ကွာလာလမ်ပူမှာ နိုဝင်ဘာ ၂၀ ရက်နေ့က လုံခြုံရေး တိုးမြှင့်ထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးညီလာခံ မတိုင်မီ အကြမ်းဖက် ခြိမ်းခြောက်မှု အစီရင်ခံစာတွေကို အတည်မပြုနိုင်သေးလို့ လုံခြုံရေး ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်မယ့် အာဆီယံ ထိပ်သီးညီလာခံကို အာဆီယံ ၁၀ နိုင်ငံသာမက မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်က ခေါင်းဆောင်တွေလည်း တက်ရောက်မှာပါ။ ပြင်သစ်၊ အီဂျစ်နဲ့ လက်ဘနွန်နိုင်ငံတို့က စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် မလေးရှားမှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မလေးရှားစစ်တပ် အကြီးအကဲက ပြောပါတယ်။ မြို့တော်ရဲ့ ဗျူဟာမြောက် နေရာတွေမှာ စစ်သား အနည်းဆုံး အယောက် ၂၀၀၀ တပ်ချထားပြီး တခြားစစ်သည် အယောက် ၂၅၀၀ ကို အဆင်သင့်ပြင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ တခြားခေါင်းဆောင်တွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အေးပက်ညီလာခံကနေ ကွာလာလမ်ပူကို တိုက်ရိုက် လာရောက်ကြမှာပါ။ အမေရိကန်သမ္မတ အိုဘားမားကတော့ အာရှမှာ အမေရိကန်က မဟာမိတ်အဖြစ် အခြေစိုက်နိုင်ရေးနဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်ကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။ တရုတ်က အာဆီယံညီလာခံအတွင်း တောင်တရုတ်ပင်လယ်အရေးကို အာရုံမစိုက်ချင်ဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ အဆုံးသတ်မယ့် အာဆီယံ ညီလာခံမှာ ဒီအရေးကို ရှောင်လွှဲရခက်တယ်လို့ အသိအမှတ် ပြုထားပါတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလျံဖိုး ကုန်သွယ်ရေးလမ်းကြောင်းတွေရှိတဲ့ တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်း အများစုကို ပိုင်တယ်လို့ တရုတ်က အခိုင်အမာ ပြောပါတယ်။ ဒါကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တိုင်ဝမ်နဲ့ ဘရူနိုင်း နိုင်ငံတွေနဲ့ ပိုင်နက် အငြင်းပွားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up