A d v e r t i s e m e n t With Us

ဘော့ဆွာနာနိုင်ငံတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်တုံး တူးဖော်ရရှိ

ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်တုံးတတုံးကို အာဖရိကနိုင်ငံတခုဖြစ်တဲ့ ဘော့ဆွာနာနိုင်ငံမှာ တူးဖော်ရရှိတယ်လို့ ကနေဒါအခြေစိုက် Lucara စိန်တွင်းကုမ္ပဏီက နိုဝင်ဘာ ၁၈ ရက်က ပြောဆိုပါတယ်။ အလေးချိန် ၁၁၁၁ ကရက်ရှိပြီး မြို့တော်မြောက်ဘက် မိုင် ၃၀၀ အကွာက စိန်တွင်းတတွင်းမှာ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘော့ဆွာနာနိုင်ငံမှာ တူးဖော်ရရှိခဲ့သမျှ စိန်တုံးတွေထဲမှာ အကြီးဆုံးစိန်တုံးနဲ့ အခုရာစုနှစ်ထဲမှာ အကြီးဆုံးစိန်တုံးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးစိန်ကိုတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ တူးဖော်ရရှိပြီး အလေးချိန် ၃၁၀၀ ကရက်ကျော် ရှိပါတယ်။ အဲ့ဒီစိန်တုံးကို စိန်ပွင့် ၉ ပွင့် ခွဲစိတ်ခဲ့ပြီး အများစုကတော့ ဗြိတိန်တော်ဝင်သရဖူမှာ ဆင်ထားပါတယ်။ ထူးထူးခြားခြား အရွယ်ကြီးမားပြီး အလေးချိန် ကရက် ၈၀၀ ကျော်နဲ့ ၄၀၀ နီးပါးရှိတဲ့ စိန်တုံး ၂ တုံးကိုလည်း အဲ့ဒီစိန်တွင်းတတွင်းထဲမှာ တူးဖော်ရရှိခဲ့တယ်လို့ စိန်တွင်းကို ပိုင်ဆိုင်တဲ့ Lucara စိန်တွင်းကုမ္ပဏီက ပြောဆိုပါတယ်။ လောလောဆယ် စိန်တုံးရဲ့တန်ဖိုးကို မသတ်မှတ်ရသေးပေမယ့် အရည်အသွေးမြင့်တဲ့အတွက် တန်ဖိုးအတော်မြင့်မယ်လို့ ပြောဆိုပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တူးဖော်ရရှိပြီး အပြစ်အနာအဆာမရှိတဲ့ ၁၀၀ ကရက်ရှိ စိန်ပွင့်တပွင့်ကိုတော့ အခုနှစ် ဧပြီလက အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်နဲ့ နယူးယောက်မြို့မှာ ရောင်းချခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up