ဗြိတိန်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများစီးရန် Air Force One ကဲ့သို့ လေယာဉ် စီစဉ်မည်

ဓာတ်ပုံ - ရိုက်တာ
1.2K
ဗြိတိန်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေအတွက် အမေရိကန်သမ္မတရဲ့ Air Force One လို လေယာဉ်တစင်း စီစဉ်မယ်လို့ ဗြိတိန်လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁၉ ရက်နေ့က ပြောလိုက်ပါတယ်။
လက်ရှိ ဗြိတိန်တော်ဝင်လေတပ်ရဲ့ RAF Voyager A330 ဆီဖြည့်ဂျက်လေယာဉ်ကို အမေရိကန်ဒေါ်လာ ၁၅ သန်းလောက် အကုန်အကျခံ မွမ်းမံပေးပြီး ဗြိတိန်ဝန်ကြီးချုပ် လေယာဉ်အဖြစ် စီစဉ်ပေးမှာပါ။
အခုလို ၀န်ကြီးချုပ်ကို လေယာဉ်တစင်း စီစဉ်ပေးလိုက်ရင် လေယာဉ်ငှားစီးနေရတာထက် သက်သာပြီး ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းလောက် ပိုထွက်လာမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
စကော့နေရှင်နယ်ပါတီရဲ့ လွှတ်တော်အမတ်တဦးကတော့ ဗြိတိန်ပြည်သူတွေ ပေးဆောင်နေရတဲ့ အခွန်တွေ အကျိုးအရှိဆုံး သုံးစွဲရတာမျိုးဖြစ်ဖို့နဲ့ ထင်သာမြင်သာရှိရှိ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဗြိတိန်အစိုးရ အသုံးစရိတ်တွေ ပြန်လည်သုံးသပ်ဖို့ ၁ ပတ်အလိုမှာ အခုလို ၀န်ကြီးချုပ် သီးသန့်လေယာဉ် ထားရှိပေးဖို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။
လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက သူ့ရဲ့ခရီးစရိတ်တွေကို ၂၅ ရာခိုင်နှုန်း လျှော့ချဖို့ ပြောဆိုခဲ့တဲ့အတွက် အခုတောင် အတော်ကို နောက်ကျနေပြီလို့ ဗြိတိန်လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။