Home
မြန်မာသတင်း
ရှမ်းပြည်နယ်တိုက်ပွဲများရပ်ထားရန် ရလခ တိုင်းဌာနချုပ်မှ ညွှန်ကြား
နန်းမြနဒီ
·
November 20, 2015
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်တွင်း အပြင်းအထန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကို ရပ်ထားဖို့  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)က ညွှန်ကြားထားတယ်လို့  ဒီဗွီဘီက စုံစမ်းသိရတယ်။ ရှမ်းပြည်နယ် လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲ အခြေစိုက်  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက  ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ထားဖို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ဖုန်းဆက်အကြောင်းကြားလာတာလို့   ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက  ပြောပါတယ်။ “ခိုလမ်တိုင်းဌာနချုပ် တာဝန်ရှိသူတစ်ဦးက မနေ့က ဖုန်းဆက်ပြီး အကြောင်းကြားလာပါတယ်။ အချက် ၃ ချက်ပါတယ်။ ပြီးတော့ တဘက်နဲ့ တဘက် မပစ်ခတ်ဖို့ ပြောတယ်။ ဒါကြောင့် မနေ့ကရော ဒီနေ့ရော ပစ်ခတ်မှုမရှိဘူး၊ နှစ်ဘက်လုံးရပ်ထားတယ်။ ဒါပေမယ့် အစိုးရတပ်က နောက်ဆုတ်သွားတာတော့ မရှိဘူး ၊ သူတို့ရောက်နေတဲ့ နေရာမှာ ရှိနေတုန်းပဲ။” ရလခစစ်တိုင်းဌာနချုပ်မှ ညွှန်ကြားထားတဲ့ အချက် ၃ ချက်မှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အနေနဲ့ မိုင်းနောင်၊ မိုင်းရှူးသွားကားလမ်းတလျှောက်ရဲ့ တောင်ဘက်အရပ်မှာ တပ်စခန်းတွေ ဆောက်လုပ်ခြင်းမပြုဖို့၊ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ နှစ်ဘက်တပ်တွေ ဖြတ်သန်း သွားလာစဉ် တဘက်နဲ့တဘက် အနှောင့်အယှက်မပြုဖို့၊ မိုင်းတွေ မြှုပ်နှံထားခြင်းမပြုဖို့၊ တဘက်နဲ့ တဘက်ပစ်ခတ်ခြင်း မပြုဖို့ အထူးသဖြင့် နောက်တန်းစခန်းတွေကို ပစ်ခတ်ခြင်းမပြုဖို့ ညွန်ကြားထားတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကလည်း ပစ်ခတ်မှုကို ခေတ္တနားထားပေမယ့် ညွှန်ကြား ချက် ၃ ရပ်နဲ့ ပတ်သက်လို့တော့ ရလခတိုင်းရုံးအပြင် နေပြည်တော်အစိုးရနဲ့ပါ ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ ဒါကြောင့် လောလောဆယ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့က ဒုဗိုလ်မှူးကြီးနော်လိတ် ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်ကို သွားနေပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း၊ ဘယ်နေ့တွေ့ဖြစ်မယ်တော့ မသိသေးဘူးလို့ ဆိုပါတယ်။ နေပြည်တော် တွေ့ဆုံမှုမှာတော့ စစ်ပွဲတွေရပ်ဖို့ အကောင်းဆုံးအဖြေတခုရမယ်လို့ မျှော်လင့်ကြောင်းလည်း  ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲပေါင်း တစ်ရာနီးပါး ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တပ်မတော်ဘက်က တာဆမ်ပူး၊ လွယ်လာကန့်၊ ကုန်းနင်၊ လွယ်ယူ၊ နမ့်မော်ခုမ်နွဲ့နဲ့ နမ့်ပန်ချောင်းအရှေ့ဘက်က စခန်းငယ်တွေ ဖယ်ပေးခဲ့ရတယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက်တပ်က ထိခိုက်ကျဆုံးဒဏ်ရာရသူတွေ ရှိခဲ့သလို မိုင်းရှူး၊ မိုင်းနောင်နဲ့ ကျေးသီး စတဲ့မြို့နယ် ၃ ခုက ရွာသားပေါင်းထောင်နဲ့ချီ အိုးအိမ်နဲ့ လယ်ယာမြေတွေ စွန့်ခွာပြီး စစ်ဘေးရှောင်ဒုက္ခသည်ဘ၀ရောက်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024