ပါရီတွင် အကြမ်းဖက်အုပ်စုသစ်တခုကို ဖြိုခွဲ၊ အနည်းဆုံး ၂ ဦးသေဆုံး ၈ ဦးဖမ်းမိ

အဗ်ဒယ်ဟာမစ် အဗို့ဒ်။ (ဓာတ်ပုံ - အီးပီအေ)
1.3K
ပြင်သစ်နိုင်ငံ ပါရီမြို့မြောက်ပိုင်းမှာ နိုဝင်ဘာ ၁၈ ရက် မနက် စီးနင်းမှုအတွင်း အကြမ်းဖက်အုပ်စုသစ်တခုကို ဖြိုခွဲလိုက်နိုင်တယ်၊ အကြမ်းဖက်သံသယရှိသူ အနည်းဆုံး ၂ ဦး သေဆုံးပြီး ၈ ဦးကို ဖမ်းမိတယ်လို့ ပြောပါတယ်။
ပါရီ အစိုးရရှေ့နေ ဖရန်ဆွား မိုလင်းက နိုဝင်ဘာ ၁၈ ရက် ညနေမှာ အတည်ပြု ပြောဆိုလိုက်တာဖြစ်ပြီး ပါရီတိုက်ခိုက်မှုကို စီစဉ်ခဲ့သူ အဗ်ဒယ်ဟာမစ် အဗို့ဒ်ကတော့ အဖမ်းခံရသူတွေထဲမှာ မပါခဲ့ဘူးလို့ ဆိုပါတယ်။
စီးနင်းမှုအတွင်း လက်နက်ကိရိယာတွေ၊ အဖွဲ့ ဖွဲ့စည်းပုံနဲ့ သူတို့ရဲ့ ပိုင်းဖြတ်မှုတွေအရ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုအသစ်တွေ လုပ်လိမ့်မယ် ထင်တယ်လို့ ရှေ့နေ မိုလင်းက ဆက်ပြောပါတယ်။
အကြမ်းဖက်ဆန့်ကျင်ရေး စီးနင်းမှုတွေဟာ မော်ရိုကိုနိုင်ငံဖွား ဘယ်လ်ဂျီယံနိုင်ငံသား ဘာသာရေး စစ်ဝါဒီ အဗ်ဒယ်ဟာမစ် အဗို့ဒ်ကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာပါ။
သူဟာ နိုဝင်ဘာ ၁၃ ရက်က အနည်းဆုံး လူ ၁၂၉ ဦး သေဆုံးခဲ့တဲ့ ပါရီတိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်စီမံခဲ့သူလည်း ဖြစ်ပါတယ်။
သူ ပြင်သစ်မှာ ရှိနေတယ်လို့ ပြင်သစ်ရဲကို သတင်းပေးချက်အရ စီးနင်းခဲ့တာလို့ ပြောပါတယ်။
စီးနင်းမှုတွေအတွင်း သူနဲ့အတူ တခြား အရေးကြီးတဲ့ သံသယရှိသူ ဆာလေး အဗ်ဒယ်ဆလင်မ်ကိုလည်း ဖမ်းမမိခဲ့ဘူးလို့ မိုလင်းက အတည်ပြုပါတယ်။
ပြင်သစ်ရဲတွေ စီးနင်းခဲ့တဲ့ နေရာဟာ နိုဝင်ဘာ ၁၃ ရက်နေ့က အသေခံဗုံးခွဲမှု ၃ ခု ဖြစ်ခဲ့တဲ့ နေရာကနေ မီတာ ရာဂဏန်း နည်းနည်းပဲ ကွာဝေးပါတယ်။