အမေရိကန်နိုင်ငံတ၀န်း မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွား

ဓာတ်ပုံ - ရိုက်တာ
5.1K
အမေရိကန်နိုင်ငံတလွှား ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် လေပြင်းတွေ၊ မိုးတွေ အဆက်မပြတ် တိုက်ခတ်ရွာသွန်းခဲ့လို့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဝါရှင်တန်ပြည်နယ် ဖူးဂတ်ဆောင်းဒေသမှာ လေပြင်းတွေ ၁ နာရီ ၄၉ မိုင်နှုန်း တိုက်ခတ်ခဲ့လို့ လူတဦးသေဆုံးပြီး အိမ်ခြေ ၂ သိန်း ၃ သောင်း ၇ ထောင်ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
လမ်းတွေပိတ်ကုန်ပြီး ရွှံ့မြေတွေ ပြိုကျခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ဆီယက်တယ်နဲ့ အဲဗားရက်စ်မြို့တွေက နယ်ပယ်အများအပြား၊ ပြည်နယ်ရဲ့ မြောက်ပိုင်းတွေမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တာလို့ ဒေသတွင်း လျှပ်စစ်နဲ့ ဓာတ်ငွေ့ ဖြန့်ဖြူးပေးနေတဲ့ ဖူးဂတ်ဆောင်း စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။
တင်းနက်ဆီပြည်နယ် မန်းဖစ်စ်မြို့နဲ့ အာကင်းဆတ်ပြည်နယ် ဟော့တ် စပရင်းစ်မြို့တွေမှာလည်း လေပြင်းကြောင့် သစ်ပင်တွေ ပြိုလဲခဲ့လို့ ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။
မုန်တိုင်းတွေဟာ အမေရိကန် အနောက်အလယ်ပိုင်းဒေသရဲ့ တောင်ပိုင်းနဲ့ မစ္စစ္စပီမြစ်ဝှမ်းတလျှောက် တိုက်ခတ်ခဲ့လို့ ဆောင်းရာသီ ဂျုံစိုက်ခင်းတွေအတွက် လိုအပ်တဲ့ စိုထိုင်းမှုကို ရစေခဲ့တာပါ။
တချို့နေရာတွေမှာတော့ ရေလွှမ်းမိုးခဲ့တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
လူဝီစီယားနား၊ အာကင်းဆပ်နဲ့ တက္ကဆပ်အရှေ့ပိုင်းတွေမှာ ရေလွှမ်းမိုးနိုင်တယ်လို့ အမျိုးသား မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။