ပြင်သစ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အိုင်အက်စ် အနည်းဆုံး ၃၃ ဦး သေဆုံး (ရုပ်သံ)

10.5K
ပြင်သစ်နိုင်ငံမြို့တော် ပါရီမှာ တိုက်ခိုက်ခံရအပြီး ဆီးရီးယားနိုင်ငံက အိုင်အက်စ် အမာခံမြို့ဖြစ်တဲ့ ရက်ကာမြို့ကို ပြင်သစ်နိုင်ငံက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာမှာ အိုင်အက်စ်အကြမ်းဖက် အနည်းဆုံး ၃၃ ဦး သေဆုံးတယ်လို့ ဆီးရီးယား စစ်စောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က စတင်တဲ့ ပြင်သစ်လေတပ် စစ်ဆင်ရေးတွေအတွင်း အိုင်အက်စ်စစ်သွေးကြွတွေ သေဆုံးခဲ့ပြီး အများစုဟာ မြို့အ၀င် စစ်ဆေးရေးဂိတ်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရချိန်မှာ သေဆုံးကြတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့က ပြောဆိုပါတယ်။
ပြင်သစ်နိုင်ငံက လေကြောင်းထိုးစစ် အရှိန်မြှင့်နေတဲ့အတွက် ရက်ကာမြို့က အိုင်အက်စ် အကြမ်းဖက်ခေါင်းဆောင်ပိုင်းရဲ့ မိသားစုဝင်တွေဟာ အီရတ်နိုင်ငံ အိုင်အက်စ် အမာခံမြို့ဖြစ်တဲ့ မိုလ်ဆူးမြို့ကို ပြောင်းရွှေ့နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
အိုင်အက်စ် အကြမ်းဖက်တွေနဲ့ နီးစပ်တဲ့ သတင်းဌာနတွေကတော့ ပြင်သစ်တိုက်လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း အိုင်အက်စ်တပ်ဖွဲ့ဝင် အကျအဆုံးမရှိဘဲ ဘယ်သူမှ နေရာယူတပ်စွဲခြင်းမရှိတဲ့ ပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တယ်လို့ အိုင်အက်စ်အကြမ်းဖက်နဲ့ နီးစပ်တဲ့ သတင်းဌာနတခုက ဆိုပါတယ်။