A d v e r t i s e m e n t With Us

အဘူဆေရက်ဖ်အဖွဲ့ ပြန်ပေးဆွဲခဲ့သည့် မလေးရှားနိုင်ငံသားကို ခေါင်းဖြတ်သတ်

မလေးရှား စီးပွားရေးလုပ်ငန်းရှင် ဘားနတ်သန်း။ (ဓာတ်ပုံ - thestar)
ဖိလစ်ပိုင်စစ်သွေးကြွ အဘူဆေရက်ဖ်အဖွဲ့ (Abu Sayyaf) အဖွဲ့က ပြန်ပေးဆွဲခဲ့တဲ့ မလေးရှားနိုင်ငံသားတဦးကို သတ်ဖြတ်လိုက်တယ်လို့ မလေးရှားအစိုးရက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မလေးရှားနိုင်ငံသားတဦးကို အခုလို ခေါင်းဖြတ်သတ်ဖြတ်တဲ့ လုပ်ရပ်ဟာ အလွန်စက်ဆုပ်ရွံရှာ အော့နှလုံးနာစရာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် (Najib Razak) က သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ်က အခုလို မလေးရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဘားနတ်သန်း (Bernard Then) ခေါင်းဖြတ်အသတ်ခံခဲ့ရတယ် ဆိုတဲ့ကိစ္စကို အသေးစိတ် စုံစမ်းနေတယ်လို့ ပြောဆိုပါတယ်။ ဘားနတ်သန်းနဲ့အတူ အမျိုးသမီးတဦးတို့ ပြီးခဲ့တဲ့မေလက မလေးရှားနိုင်ငံ၊ ဆဘာပြည်နယ်မှာ ပြန်ပေးဆွဲခံရပြီး ဖိလစ်ပိုင်တောင်ပိုင်းက အဘူဆေရက်ဖ် စစ်သွေးကြွတွေရဲ့ အမာခံဒေသဖြစ်တဲ့ ဂျိုလို (Jolo) ကျွန်းကို ခေါ်ဆောင်သွားတာပါ။ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးကတော့ ပြီးခဲ့တဲ့တပတ်က စေ့စပ်ဆွေးနွေးမှု အဆင်ပြေခဲ့လို့ ပြန်လွတ်လာခဲ့ပါတယ်။ ဘားနတ်သန်း ပြန်လည်လွတ်မြောက်ဖို့ ဆက်လက်ဆွေးနွေးနေစဉ်မှာ သတ်ဖြတ်ခံရတာလည်း ဖြစ်ပါတယ်။ အဘူဆေရက်ဖ် စစ်သေးကြွတပ်ဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဆိုးဆုံး ဗုံးဖောက်ခွဲမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ ခေါင်းဖြတ်သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ မွတ်စလင် စစ်သွေးကြွအဖွဲ့ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up