မိုင်းရှူးမြို့တွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့မှာ နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီလောက်က ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး လူတွေတော့ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။ မိုင်းရှူးမြို့ ကျားခေါင်းပါတီ လွှတ်တော်အမတ် နန်းကောင်ခမ်းက "မနေ့ညက ရပ်ကွက် ၄ ထဲက ဦးတိမာတို့ အိမ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်တယ်။ အိမ်အပြင်ဘက်မှာ ပေါက်ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ လူသွားလူလာလည်း မရှိဘူးလေ။ အခုတလော မိုင်းရှူးမှာ အခြေအနေမကောင်းတော့ ည ၇ နာရီဆို ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ ဗုံးပေါက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ စုစုပေါင်း နှစ်လုံးတွေ့တယ်။ နောက်တလုံးတော့ မပေါက်ဘူး၊ စနက်တံတော့ ဖြုတ်ထားတယ်တဲ့။ အဲဒီ မပေါက်သေးတဲ့ တလုံးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဖျက်ဆီးလိုက်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ မိုင်ရှူးမြို့ ရပ်ကွက် ၄ ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း မြို့လည်ကျောင်း တိုက်နဘေးမှာ လက်လုပ်ဗုံးအမျိုးအစားတခု ပေါက်ကွဲပြီး ကိုရင် ၂ ပါး၊ အဖွားအို ၁ ဦးနဲ့ မိန်းကလေးငယ် ၁ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရပြီး အဖွားအိုက သေဆုံးသွားခဲ့ပါတယ်။ မိုင်းရှူးမြို့ဟာ လတ်တတော အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၀မ်ဟိုင်းဒေသအနီးမှာရှိတာဖြစ်ပြီး လက်ရှိ မိုင်းရှူးမြို့ပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၇၀၀ ကျော် လာရောက်ခိုလှုံနေရတယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up