တောင်တရုတ်ပင်လယ်တွင်း လုပ်ဆောင်မှုများ စစ်ရေးတည်ဆောက်ရန် မဟုတ်ဟု တရုတ် ပြော

ဓာတ်ပုံ - ရိုက်တာ
1K
ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေ၊ သန္တာကျောက်တန်းတွေ ဆောက်နေတဲ့ တရုတ်ရဲ့ လုပ်ငန်းတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတွေအတွက် ဝန်ဆောင်မှုတွေ ပိုပေးနိုင်ဖို့နဲ့ လူနေမှုဘဝ တိုးတက်စေဖို့သာ ဖြစ်တယ်၊ စစ်ရေးတည်ဆောက်ဖို့ မဟုတ်ဘူးလို့ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး လျိုကျဲမင်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
တရုတ်ဟာ အနာဂတ်မှာ ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေကို ဆက်ပြီး ဆောက်လုပ်မယ့် စီမံကိန်း ရှိထားတယ်လို့ လျှိုက ဘေကျင်းမြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဟွာရန်နဲ့ ချိကွား သန္တာကျောက်တန်းတွေမှာ မီးပြတိုက် ၂ ခု ဆောက်ပြီးပြီ၊ တောင်တရုတ်ပင်လယ်တွင်း ရေကြောင်းသွားလာရေးအတွက် ပံ့ပိုးမှာဖြစ်တယ်၊ နန်းရှာကျွန်းပေါ်မှာတော့ အရပ်ဘက်လိုအပ်ချက်တွေ၊ နိုင်ငံတကာ တာဝန်ခံမှုတွေနဲ့ အဏ္ဏဝါဗေဒ ရှာဖွေကယ်ဆယ်ရေး ကပ်ဘေးကြိုတင်ကာကွယ်ရေးနဲ့ သိပ္ပံ သုတေသနတွေ၊ ရေကြောင်းဘေးကင်းရေးနဲ့ ငါးလုပ်ငန်းဝန်ဆောင်မှုတွေ၊ စစ်ဘက်ကာကွယ်ရေး လိုအပ်ချက်တွေအတွက် ရည်မှန်း ဆောက်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်အစိုးရက တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို ပိုင်တယ်ဆိုပြီး အခိုင်အမာပြောလို့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ ပိုင်နက် အငြင်းပွားနေပါတယ်။
တောင်တရုတ်ပင်လယ်မှာ အမေရိကန်ဒေါ်လာ ၅ ထရီလျံဖိုး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ရှိနေတာပါ။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကတော့ အမေရိကန်ဟာ အာရှရေပိုင်နက်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် စိတ်ကို နှစ်မြှုပ် အာရုံစိုက်ထားတယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့ကပဲ ပြောဆိုလိုက်ပါတယ်။
ဒါပေမယ့် တောင်တရုတ်ပင်လယ်အရေး တရုတ်ကို တိုက်ရိုက်ရည်ညွှန်းတာတော့ မလုပ်ခဲ့ပါဘူး။
ဖိလစ်ပိုင်မြို့တော် မနီလာမှာ အမေရိကန်က လှူထားတဲ့ ကမ်းရိုးတန်းစောင့် သင်္ဘောနဲ့ လည်ပတ်ရင်း ခုလို ပြောလိုက်တာပါ။
သူ့ခရီးစဉ်ဟာ ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်နဲ့ ဒေသတွင်း ရေပိုင်နက် လုံခြုံရေးအတွက် စိတ်နှစ်စူးစိုက်မှုတွေကို မျှဝေဖို့လည်း အိုဘားမားက ပြောခဲ့ပါတယ်။