ဆီးရီးယားရှိ အစ္စလာမ္မစ် စစ်သွေးကြွများကို ရုရှား လေကြောင်းတိုက်ခိုက်မှု တိုးလုပ် (ရုပ်သံ)

9.5K
ဆီးရီးယားနိုင်ငံထဲက အစ္စလာမ္မစ် စစ်သွေးကြွတွေကို ရုရှားက တာဝေးဗုံးကြဲယာဉ်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပြီးပြီလို့ နိုဝင်ဘာ ၁၇ ရက်နေ့က ပြောလိုက်ပါတယ်။
အီဂျစ်နိုင်ငံအတွင်း ရုရှားလေယာဉ်ပေါ် ဗုံးကွဲလို့ ပျက်ကျတာဖြစ်ကြောင်း အတည်ပြုအပြီး တာဝန်ရှိသူတွေကို လက်စားချေချင်တယ်လို့ ရုရှားအစိုးရက ပြောခဲ့တာပါ။
လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၅၀ ပါတဲ့ ရုရှားလေတပ်ဟာ ကျန်ခဲ့တဲ့ ၄၈ ရက်အတွင်း ဆီးရီးယားနိုင်ငံထဲမှာ အကြိမ် ၂၃၀၀ ပျံသန်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စစ်တပ်ခေါင်းဆောင်တွေက ရုရှားသမ္မတ ပူတင်ကို နိုဝင်ဘာ ၁၇ ရက် ညနေက ပြောပါတယ်။
တာဝေးပျံတဲ့ ဗုံးကြဲယာဉ် ၁၂ စီးက ရက်ကာနဲ့ ဒီယာ အီ ဇူရာ ခရိုင်တွေထဲက အိုင်အက်စ် စစ်သွေးကြွစခန်းတွေကို ပစ်မှတ်ထားပြီး ဒုံးကျည် ၃၄ လုံးနဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂီ ရွိုင်ဂူက ပူတင်ကို ပြောပါတယ်။
မော်စကိုမြို့ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးဌာနကို ပူတင် လာရောက်ချိန်မှာ ခုလို အစီရင်ခံတာပါ။
ပူတင်ကတော့ ဆီးရီးယားနိုင်ငံက အစ္စလာမ္မစ် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု တိုးလုပ်ဖို့နဲ့ လေယာဉ်ပျက်ကျမှုအတွက် တာဝန်ရှိသူကို မြေလှန်ရှာဖို့ ကတိပြုကြောင်း နိုဝင်ဘာ ၁၇ ရက်မှာ ရုပ်သံကနေ ပြောခဲ့တာပါ။
ဒါ့အပြင် ရုရှားရေတပ်ကို ပြင်သစ်ရေတပ်နဲ့ ဆက်သွယ် မဟာမိတ်ပြုပြီး ဒေသတွင်းမှာ ပြင်သစ် လေယာဉ်တင်သင်္ဘောနဲ့အတူ ဆောက်ရွက်ဖို့ ပူတင်က အမိန့်ပေးခဲ့ပါတယ်။
အရင်လက အီဂျစ်နိုင်ငံတွင်း ရုရှားလေယာဉ် ပေါက်ကွဲပျက်ကျမှုကြောင့် လူ ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။