အကြမ်းဖက်မှုကြောင့် ရုရှားလေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်

ဓာတ်ပုံ - ရိုက်တာ
2.7K
ပြီးခဲ့တဲ့လကုန်ပိုင်းက အီဂျစ်နိုင်ငံမှာ ပျက်ကျသွားတဲ့ ရုရှားလေကြောင်းလိုင်း လေယာဉ်ဟာ အကြမ်းဖက်မှုကြောင့် ပျက်ကျသွားတာလို့ ရုရှားထောက်လှမ်းရေးမှူးချုပ်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပထမဆုံး တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားလုပ် ဖောက်ခွဲရေးပစ္စည်း အစအနတွေကို လေယာဉ်ပျက်နေရာမှာ တွေ့ရှိတယ်လို့ ကရင်မလင် ထိပ်တန်းအစည်းအဝေးမှာ သမ္မတပူတင်ကို ပြောဆိုတာပါ။
သမ္မတ ပူတင်က ဒီလေယာဉ်ပျက်ကျမှုမှာ တာဝန်ရှိသူတွေကို တွေ့အောင်ဖော်ထုတ်ပြီး အပြစ်ဒဏ်ခတ်မယ်လို့ ယတိပြတ် ပြောဆိုပါတယ်။
ဒီလေယာဉ်ပျက်ကျမှုကို အီဂျစ်နိုင်ငံ ဆိုင်းနိုင်းဒေသအခြေစိုက် အိုင်အက်စ်အကြမ်းဖက် လက်အောက်ခံအဖွဲ့က တာဝန်ခံ လုပ်ဆောင်တာလို့ ကြေညာထားပြီး လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့သူ အားလုံးနီးပါးဟာ ရုရှားနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
ဖောက်ခွဲရေးပစ္စည်း ၁ ကီလို အလေးချိန်နဲ့ ညီမျှတဲ့ ဗုံးတလုံးကို ဂျက်လေယာဉ်ထဲ ထည့်ပေးလိုက်တယ်လို့ ရုရှားထောက်လှမ်းရေးမှူးချုပ်က ပြောဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့က လေယာဉ်ပျံသန်းနေချိန်အတွင်း ဖောက်ခွဲခံရလို့ လေယာဉ်အပိုင်းအစတွေ နေရာဧရိယာ အတော်ကျယ်ကျယ်မှာ ပြန့်ကျဲခဲ့တာလို့လည်း အစည်းအဝေးမှာ ပြောဆိုပါတယ်။
လေယာဉ်ကို ဖောက်ခွဲခဲ့သူတွေ ဘယ်နေရာမှာပဲဖြစ်ဖြစ် တွေ့အောင်ရှာဖွေပြီး အပြင်းထန်ဆုံး အပြစ်ပေးမယ်လို့ သမ္မတပူတင်က ပြောဆိုပါတယ်။
ဖောက်ခွဲတဲ့သူနဲ့ပတ်သက်ပြီး သတင်းပေးနိုင်သူတွေကိုလည်း ရုရှားနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀ ကမ်းလှမ်းထားပါတယ်။
ဆီးရီးယားနိုင်ငံတွင်း ရုရှားလေကြောင်းထိုးစစ်တွေကြောင့် ရုရှား ခရီးသည်တင်လေယာဉ်ကို လက်တုံ့ပြန် ဖောက်ခွဲတာလို့ ဆိုင်းနိုင်းဒေသအခြေစိုက် အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ပြောဆိုပါတယ်။