ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ပြန်လည်ရုပ်သိမ်း

3.1K
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတာကို ၉ လအကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်ထုတ်ပြန်လိုက် ပါတယ်။
အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မူလအခြေအနေ ပြန်ရောက်ပြီး တည်ငြိမ်အေးချမ်းမှုရရှိနေပြီဖြစ်တာကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီး ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးက ထုတ်ပြန်တဲ့ အမိန့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့်ဒေသမှာ ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တပ်တွေနဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၉ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် အရေး ပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားရတာပါ။
ဖေဖော်ဝါရီ ၁၇ ရက်မှာ ပထမအကြိမ် ရက် ၉၀ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး မေ ၁၈ ရက်မှာ ဒုတိယအကြိမ်ရက် ၉၀ သက်တမ်းထပ်တိုးကာ၊ သြဂုတ် ၁၈ ရက်မှာ တတိယအကြိမ် ရက် ၉၀ သက်တမ်းထပ်တိုးခဲ့ရတဲ့တွက် စုစုပေါင်း ကိုးကန်မှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ရတဲ့ ကာလ ၉ လကြာမြင့်ခဲ့ပါတယ်။