A d v e r t i s e m e n t With Us

အစာငတ်ခံတိုက်ပွဲ ယာယီရပ်ဆိုင်းကြောင်း ဗကသ ကြေညာ

ဓာတ်ပုံ - အေဘီအက်ဖ်အက်စ်ယူ
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အစာငတ်ခံ တိုက်ပွဲဝင်နေတာကို ယာယီအားဖြင့် ရပ်ဆိုင်းလိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုကို အလေးထား၍လည်းကောင်း၊ နိုင်ငံရေးမိတ်ဘက် အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံမှုအပေါ် လေးစား တန်ဖိုးထား၍လည်းကောင်း ဗကသများအဖွဲ့ချုပ်က ကိုအောင်မှိုင်းဆန်းနဲ့အတူ သာယာဝတီထောင်၊ မြင်းခြံထောင်တွေမှာ အစာငတ်ခံ တိုက်ပွဲဝင်နေတာကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းချိန်အထိ ယာယီအားဖြင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရွှေဝါရောင် သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း စတဲ့ နိုင်ငံရေး အင်အားစုတွေက မေတ္တာရပ်ခံပြီးနောက် ခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ ရွှေဝါရောင်ဆရာတော်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက မေတ္တာရပ်ခံလာတာကြောင့် ခေတ္တယာယီ အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းပေးသွားမယ့်အကြောင်း မူလရည်ရွယ်ထားတဲ့ နိုင်ကျဉ်းတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စကိုလည်း နည်းလမ်းတခုနဲ့ ဆက်တောင်းဆိုသွားမယ်လို့  ကိုအောင်မှိုင်းဆန်းက ဒီဗွီဘီကို ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ အစာငတ်ခံ ဆန္ဒပြခေါင်းဆောင် ကိုအောင်မှိုင်းဆန်းနဲ့ ကိုမျိုးမြတ်စံတို့ဆီကို ရွှေဝါရောင်သံဃာ့ကွန်ရက်က ဆရာတော်တွေ ဒီကနေ့မနက် ကြွရောက်လာပြီး အစာငတ်ခံ တောင်းဆိုတိုက်ပွဲကို ရပ်ဆိုင်ပေးဖို့  မေတ္တာရပ်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုလို အကူးအပြောင်း ကာလတခုမှာ မီးစတစဖြစ်မှာ စိုးရိမ်တဲ့အတွက် အစာငတ်ခံ တိုက်ပွဲဝင်တာကို ရပ်တန့်ဖို့ မေတ္တာရပ်ခံပြီး အမိန့်ပေးတာ မဟုတ်ဘဲ စဉ်းစားပြီးမှ ဆက်လုပ်စေချင်ကြောင်း ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုမျိုးမြတ်စံတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်  ဦးဝင်းထိန်ကတဆင့် မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အောက်တိုဘာ ၂၃ ရက်ကစပြီး အသုတ်လိုက်ခွဲကာ အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပြီး အစာငတ်ခံ ဆန္ဒပြနေသူ သာယာဝတီထောင်မှာ ၁၃ ဦးနဲ့ မြင်းခြံထောင်မှာ ၂ ဦး၊ စုစုပေါင်း ၁၅ ဦးရှိတယ်လို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားတွေထဲက ကိုအောင်မှိုင်းဆန်း၊ ကိုမျိုးမြတ်စံနဲ့  ကိုဖြိုးဓနတို့ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှု ခံယူနေရတာပါ။ ကျန်တဲ့ သာယာဝတီထောင်မှာ ဖမ်းဆီး တရားစွဲခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကိုတော့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီကနေ့  ထပ်မံရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up