A d v e r t i s e m e n t With Us

ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ ၂၁ ဘောလုံးအသင်း လူစာရင်းထုတ်ပြန်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၁ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၂၁ ဘောလုံးအသင်း လူစာရင်းကို မြန်မာဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာယူ ၂၁ အသင်းဟာ လာမယ့် နိုဝင်ဘာ ၂၀ ရက်ကနေ ၂၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် International U-21 Football Tournament Youth Newspaper Cup 2015 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ အပြီးသတ်လူစာရင်းမှာ ဂိုးသမား ၂ ဦး အပါအ၀င် ကစားသမား ၂၀ ဦးပါဝင်ပြီး ပြီးခဲ့တဲ့ နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းက ၉ ဦးနဲ့ အာရှ ယူ ၁၉ ခြေစစ်ပွဲဝင်အသင်းက ၆ ဦး ပါဝင်ပါတယ်။ ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ ယူ ၂၁ အသင်းဟာ အုပ်စု ခ မှာ ဗီယက်နမ်က HAGL ယူ ၂၁ အသင်း၊ တောင်ကိုရီးယား ယူ ၁၉ အသင်းတို့နဲ့ အတူကျရောက်နေပါတယ်။ အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ ၂၁ အသင်းဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ HAGL ယူ ၂၁ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂၂ ရက်နေ့မှာ တောင်ကိုရီးယား ယူ ၁၉ အသင်းနဲ့ အုပ်စု ဒုတိယပွဲ ယှဉ်ပြိုင်ရမှာပါ။ အဲဒီပွဲတွေမှာ အနိုင်ရရင် ဆီမီးဖိုင်နယ် တက်ရောက်မှာဖြစ်ပြီး အုပ်စု အောက်ဆုံးမှာ ရပ်တည်ခဲ့ရင်တော့ ပဉ္စမနေရာလုပွဲ ကစားရမှာ ဖြစ်ပါတယ်။ ပဉ္စမနေရာလုပွဲနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ၁ ကို နိုဝင်ဘာ ၂၆၊ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ကို နိုဝင်ဘာ ၂၇၊ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကို နိုဝင်ဘာ ၂၉ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ ယူ ၂၁ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံ၊ လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်၊ ဂိုးနည်းပြအဖြစ် ဦးယဉ်မင်းအောင်၊ အသင်းဆရာဝန်အဖြစ် ဦးကျော်သန့်ဇင်တို့က ကိုင်တွယ်မှာ ဖြစ်ပါတယ်။ အသင်းကစားသမားတွေအဖြစ် ဂိုး - ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ နောက်တန်း - ထိုက်ထိုက်အောင်၊ သိန်းဇော်၊ နိုင်လင်းထွန်း၊ နန်းဝေမင်း၊ ရဲရင့်အောင်၊ စိုးမိုးထွန်း၊ အလယ်တန်း - မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ စွမ်းထက်အောင်၊ ကျော်ဇေယျ၊ မောင်မောင်လွင်၊ လှိုင်မျိုးအောင်၊ ဇင်ဖြိုးအောင်၊ အောင်မိုးသူ၊ ရှေ့တန်း - သန်းဇော်ဟိန်း၊ မောင်မောင်စိုး၊ သန်းပိုင်နဲ့ ရှိုင်းသူရတို့ကို ရွေးချယ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up