အေးပက် ထိပ်သီးညီလာခံ ကျင်းပမည့် မနီလာတွင် လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ - ရိုက်တာ
751
ဖိလစ်ပိုင်မြို့တော် မနီလာတလွှား စစ်တပ်တွေ၊ ရဲတပ်ဖွဲ့တွေ တာဝန်ချထားတာကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ တွေ့ရပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ စတင်ကျင်းပမှာမို့ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ဒေသတွင်း လူ ၃ ဘီလျံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကုန်သွယ်ရေး တိုးမြှင့်မယ့် အစည်းအဝေးဖြစ်ပေမယ့် တောင်တရုတ်ပင်လယ်အရေး ဒေသတွင်း တင်းမာမှုတွေနဲ့ ပါရီမြို့တော်ကို အိုင်အက်စ် စစ်သွေးကြွတွေ တိုက်ခိုက်အပြီး လုံခြုံရေး စိုးရိမ်မှုတွေက အရိပ်ထိုးနေတာပါ။
လူထောင်ချီတဲ့ ကိုယ်စားလှယ်တွေ ဘေးကင်းတာ သေချာစေရေး အေးပက် ခေါင်းဆောင်များ အစည်းအဝေး ကျင်းပမယ့် နေရာနားက မနီလာပင်လယ်အော်မှာတော့ လက်နက်အပြည့်အစုံနဲ့ ဖိလစ်ပိုင်စစ်သားတွေ တပ်ချထားပါတယ်။
နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပမယ့် ထိပ်သီးညီလာခံ အကြိုအဖြစ် ပွဲကျင်းပမယ့်နေရာကို ဦးတည်တဲ့ လမ်းမကြီးတွေ အတော်များများကို ရဲတွေက ပိတ်ထားပါတယ်။
လေတပ် ရဟတ်ယာဉ်တွေနဲ့ ကမ်းရိုးတန်းစောင့်တပ်က လှေတွေကလည်း မပျံသန်းရနယ်မြေနဲ့ အဏ္ဏဝါ သီးသန့်ဇုန်တွေထဲမှာ အဆက်မပြတ် ကင်းလှည့်နေပါတယ်။
မြို့တော်တွင်း ဧည့်သည်တော် ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ကာကွယ်ဖို့ ရဲအရာရှိနဲ့ စစ်သား အယောက် ၃၀၀၀၀ ကို တပ်ချထားပါတယ်။
မနီလာညီလာခံနဲ့ ပတ်သက်ပြီး အကြီးစား ခြိမ်းခြောက်မှုဆိုင်ရာ ထောက်လှမ်းရေး အဆိုပြုချက် မရှိဘူးလို့ ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။
ဒီညီလာခံကို အမေရိကန်နဲ့ တရုတ်သမ္မတ၊ ဂျပန်ဝန်ကြီးချုပ်တို့ အပါအဝင် စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ က ခေါင်းဆောင်တွေ တက်ရောက်မှာပါ။
အေးပက်ညီလာခံဟာ ကမ္ဘာ့ထုတ်ကုန် ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေး တဝက်နီးပါးကို ကိုယ်စားပြုပါတယ်။
၂၀၂၅ မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံအတွင်း လွတ်လပ်စွာ ကုန်သွယ်ရေးနယ်ပယ်ဖြစ်ရေး ရည်မှန်းထားပါတယ်။