Home
မြန်မာသတင်း
မိုးညှင်းတိုက်ပွဲ တပ်မတော်အရာရှိနှင့် စစ်သည်တချို့ သေဆုံး၊ ဒဏ်ရာရ
DVB
·
November 17, 2015
ကချင်ပြည်နယ် မိုးညှင်းမြို့အနီး ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း  တပ်မတော်အရာရှိနဲ့ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြပြီး ကေအိုင်အေထံက လက်နက်တချို့ သိမ်းဆည်း ရမိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီကျော်က  မိုးညှင်းအရှေ့တောင်ဘက် ၃ မိုင်အကွာ ပွိုင့်-၉၂၈ တောင်ကုန်းမှာတကြိမ်၊   ညနေ ၄ နာရီကျော်မှာ ပွိုင့်-၉၂၈ တောင်ကုန်းအနီး တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ကာ ကချင်တပ်ဖွဲ့ထံက အမ် ၂၅ သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ တောင့်၊ အီနာဂါဗုံးသီး ၆ လုံးနဲ့ ပို့ကျည် ၈ တောင့်စတာတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာတော့  တပ်မတော်စစ်ကြောင်းတွေကို ကေအိုင်အေက တိုက်ခိုက်လို့ တပ်မတော် (လေ)က ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ကြိမ်၊ လေယာဉ် ၂ စီးးနဲ့ ၁ ကြိမ်ပစ်ကူပေးခဲ့သလို မိုးညှင်းမြို့အနီးရှိ အမြောက်စခန်းကလည်း အမြောက်နဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ တပ်မတော်ဘက်က  အရာရှိနဲ့  စစ်သည်တချို့ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့ကြလို့ ဒဏ်ရာရသူတွေကို တပ်မတော်ဆေးရုံသို့  ပို့ဆောင်ခဲ့ရတယ်လို့ စစ်တပ်ပိုင်မီဒီယာမှာရေးပါတယ်။ ဒါပေမယ့် နှစ်ဖက် ထိခိုက်သေဆုံး ဒဏ်ရာရသူ အရေ အတွက် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။ မိုးညှင်းမြို့ခံ ရှမ်းနီအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကတော့ နေ့ည တိုက်ပွဲဖြစ်နေတာကို မိုးညှင်းကနေ လှမ်းမြင်ရပြီး သူနဲ့ ဆွေမျိုးမကင်းတဲ့ အစိုးရတပ်က စစ်ဗိုလ်တဦး သေဆုံးသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “တိုက်ပွဲဖြစ်တဲ့နေရာက ကျနော်တို့ မိုးညှင်းနဲ့ မဝေးဘူး။ မြို့ရဲ့ အရှေ့ဘက်က တောင်ကြောမှာ၊ အလွန်ဆုံးရှိလှ ၅ မိုင်ပေါ့။ ၁၅ ရက်နေ့ ညနေပိုင်းကစ အဲဒီည တညလုံးရော၊ ၁၆ ရက်နေ့မှာပါ ပစ်ခတ်သံတွေ ကြားရတယ်။  မီးပွင့်တာတွေ မြင်ရတယ်။ အမြှောက်နဲ့ ပစ်လိုက်တာ ကျတဲ့နေရာက ယမ်းငွေ့တွေ ထွက်နေတာ မြင်ရတယ်။ ၁၆ ရက်နေ့ ညနေ ၅ နာရီလောက် တိုက်လေယာဉ်တွေ လာတာလည်း မြင်ရတယ်။ တိုက်ပွဲက အတော်ပြင်း ထန်တဲ့ပုံဘဲ၊ နှစ်ဘက် အသေအပျောက်ရှိတယ်လို့  စစ်တပ်အသိုင်းအ၀ိုင်းက ပြောတယ်။ သေချာတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရွာက ခလရ ၁၅ တပ်က စစ်ဗိုလ်တယောက် ဗိုလ်ကြီးဇော်ချစ်လို့ ခေါ်တယ်။  အသက်က ၃၀ ကျော်ဘဲ ရှိသေးတယ်။ သူလည်း ကျသွားတယ်။ ကျနော်တို့နဲ့ ဆွေမျိုးနီးစပ်ပါ။ အလောင်းကိုတော့ အိမ်ကို မသယ်လာသေးဘူး။” ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မိုးညှင်းမြို့အနီးမှာ ကေအိုင်အေက တပ်မဟာတစ်ခု ထပ်အခြေစိုက်ချင်တယ်လို့ သတင်းကြားမိကြောင်း ကေအိုင်အေက စခန်းသစ်တည်မှာကို တပ်မတော်ကသိပြီး သွားတိုက်တာလို့ ယူဆတဲ့အကြောင်းလည်းပြောပါတယ်။ မိုးညှင်းမြို့နားမှာခုလို တိုက်ပွဲဖြစ်တာကြောင့် မြို့သူမြို့သားတွေ စိုးရိမ်ထိတ်လန့်နေပေ မယ့် ဒီကနေ့မှာတော့ မြို့ပေါ်မှာတော့ ဈေးတွေနဲ့ စာသင်ကျောင်းတွေ မပိတ်ပဲ ပုံမှန်သွား လာလျှက်ရှိတယ်လို့ မိုးညှင်းမြို့ခံတွေက ပြောပါတယ်။ မြို့ခံဦးစောဝင်းအောင်ကတော့ “တိုက်ပွဲကြောင့် မြို့ခံတွေကတော့ စိုးရိမ်ပူပန်နေကြတာရှိပါ တယ်။ သို့သော်လည်း အေးအေးဆေးဆေးပါ။ ခုမှကြုံရတာမဟုတ်ပါဘူး၊ ဟိုးအရင်တုန်းက အတွေ့အကြုံတွေရှိတဲ့ အတွက်သိပ်တော့ မထူးဆန်းဘူးပေါ့နော်၊ လူထုတွေ အနေနဲ့ အားလုံးကို အပစ်ရပ်စေချင်တဲ့ သဘောရှိပါတယ်၊ ရဟတ်ယာဉ်တွေနဲ့လည်း လက်နက်တွေနဲ့ ပစ်ချတယ် အောက်ကိုလေ နောက်ပြီးတော့ တိုက်လေယာဉ်တွေနဲ့လည်း ပစ်တယ်။ ဒါကျနော်ကိုယ်တိုင် မြင်တာကိုပြောတာ လှမ်းမြင်နေရတယ်။ လက်နက်ကိုင် အချင်းချင်း တိုက်တာ တမျိုးပေါ့ ကြားကနေ မဆိုင်တဲ့သူတွေ ထိမှာပြုမှာစိုးလို့ စိုးရိမ်စိတ်တွေတော့ ရှိပါတယ်။”လို့ ပြောပါတယ်။ မိုးညှင်းဒေသမှာခုလို တိုက်ပွဲတွေဖြစ်ပွားရတာဟာ အေအိုင်အေရဲ့ ရှေ့တန်းစခန်းတွေကို  အစိုးရတပ်က ၀င်သိမ်းလို့ ဖြစ်ပွားရတာလို့  ကေအိုင်အိုအဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဒီဗွီဘီ ကိုပြောပါတယ်။ စစ်တပ်ပိုင်မြ၀တီသတင်းဌာနကတော့ ကေအိုင်အေတပ်တွေက ဒေသခံတွေရဲ့  တောင်ယာတွေ ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ  မိုင်းထောင်၊  လူသစ်စုဆောင်း၊ ဆက်ကြေး ကောက်ခံ တာကြောင့်  တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းရာက တိုက်ပွဲဖြစ်တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024