Home
ဆောင်းပါး
နာလန်ထတိုင်းပြည်အတွက် ဆေးဝါးဓာတ်စာ မှန်စေရာ
DVB
·
November 17, 2015
အခုချိန်အခါမှာတော့ စစ်အာဏာရှင်စနစ်ဆိုး ဗိုင်းရပ်စ်ပိုးကြောင့် ညှိုးချုံးပိန်ခြောက် နိုင်ငံရုပ်ပျောက်ခဲ့ရတဲ့ နာတာရှည်ရောဂါသည် မြန်မာနိုင်ငံဟာ ဒီမိုကရေစီသြသဓဆေး အစွမ်းပြလို့  အိပ်ယာထဲလဲနေတဲ့ ဘ၀ကနေ နာလန်ထဖို့ အားယူနေချိန်လို့ပြောရင် ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုး မစင်သေးသလို အားအင်လည်း မပြည့်ဝသေးတာမို့ ကိုယ်ခံအားနည်းပါးနေချိန်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။ အချိန်မရွေး ပိုးမွှားတွေ သန်စွမ်းထကြွ သောင်းကျန်းလာနိုင်ပါသေးတယ်။ ဒါကြောင့် နာလန်ထလူမမာ ပြည်မြန်မာဟာ အစားအသောက်၊ အနေအထိုင်၊ အတွေးအကြံ၊ အပြုအမူ၊ အပြောအဆို သတိကြီးစွာ ဆင်ခြင်ရမယ့် အရေးကြီးတဲ့ အချိန်ပိုင်းလည်း ဖြစ်ပါတယ်။ နှစ်ရှည်လများ ခံစားလာရတဲ့ လူမမာကို မြန်မြန်ဆန်ဆန် နာလန်ထစေလိုပြီး စေတနာပိုနေတဲ့ ပြည်သူတချို့ကလည်း ကောင်းနိုးရာရာ နတ်သုဓာ၊ ဒန်ပေါက်၊ ထောပတ်ထမင်း၊ ရသာစုံဟင်းတွေ ကျွေးမွေးစေချင်ပေမယ့် လူမမာရဲ့ အစာလက်ခံချေဖျက်နိုင်အား မရှိတာနဲ့ အဆီအဆိမ့် မစားနိုင်သေးတာကို သတိချပ်ဖို့ လိုပါတယ်။ စိတ်ပူလို့ ရေးမယ့်သာ ရေးရတာပါ။ မြန်မာပြည်သူပြည်သား အများစုက အခြေအနေမှန်ကို ကောင်းကောင်းသဘောပေါက်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်မမြှောက်ဖို့  မေတ္တာရပ်ခံ ပန်ကြားချက်ကို နှလုံးသားအသိနဲ့ စည်းကမ်းရှိရှိ လိုက်နာနေတဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကြည်နူးဝမ်းမြောက်ဖွယ် မြင်တွေ့နေရတာမဟုတ်လား။ ဘယ်လိုအကြောင်းတရားတွေ ရှိခဲ့ရှိခဲ့၊ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ မျက်မှောက်အချိန်အခါ ပြည်မြန်မာမှာ ဘယ်သူမှ ငြင်းပယ်ခြင်းမပြုနိုင်တဲ့ အလွန်ထင်ရှားတဲ့ အခြေအနေကြီးသုံးရပ် ဖြစ်တည်လို့ နေပါပြီ။ အဲ့ဒါတွေကတော့ … ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲပေးခြင်းနဲ့ ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ အပြောင်းအလဲဖြစ်ချင်တဲ့ဆန္ဒ။ ၂။ ဖိနှိပ်သူ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ အဖိနှိပ်ခံ ပြည်သူတွေကြားက သံသယနဲ့ အာဃာတ။ ၃။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မဖြစ်မနေ တည်ဆောက်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး … စတာတွေပါပဲ။ ဒီဆောင်းပါးမှာတော့ အထက်ပါ အခြေအနေသုံးရပ်ထဲက နံပါတ် ၃ အခြေအနေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အကြောင်းကို ပြောချင်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီ အန်အယ်လ်ဒီ အစိုးရဖွဲ့ပြီး အာဏာလွှဲပြောင်းမယူနိုင်မချင်း စိတ်မချရသေးဘူးလို့ တချို့သူတွေက ထင်မြင်ကြပါတယ်။ ဦးသိန်းစိန်အစိုးရက ကတိအတိုင်း အာဏာလွှဲပြောင်းပေးလိုက်ရင် အတော်အသင့် စိတ်ချရပြီလို့ ဆိုချင်တဲ့သဘောပါပဲ။ စာရေးသူ တွေးမိတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်မချင်း ကျနော်တို့ တိုင်းပြည်ဟာ စိတ်ချရတဲ့ အခြေအနေ ရောက်ပြီလို့ ပြောလို့မရနိုင်ပါဘူး။ ကြီးမားတဲ့ကွာဟမှုများနဲ့ ရာစုနှစ်ဝက်ကျော် နက်ရှိုင်းစွာ အမုန်းသင့်ခဲ့တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ လွယ်လွယ်နဲ့တည်ဆောက်လို့ မရနိုင်သလို အချိန်ကာလတို တခုအတွင်းမှာလည်း မပြီးမြောက်နိုင်ပါဘူး။ ရောဂါသက်သာလာစ လူမမာကို မှန်ကန်တဲ့ ဆေးဝါးဓာတ်စာတွေနဲ့ စနစ်တကျ နာလန်ထလာအောင် လိုအပ်သလို အချိန်ယူ ကုသရမှာပါ။ ဒါကြောင့် အာဏာရှင်ဗိုင်းရပ်စ်ပိုး ကိုက်နေဆဲ တိုင်းပြည်တပြည်ဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ လက်ရှိအာဏာရှင် မူဂါဘီရဲ့သြဇာ မကင်းဘူးလို့ စွပ်စွဲခံရတဲ့ Institute of Peace Leadership and Governance, Africa University ကထုတ်ဝေတဲ့ National Healing and Reconciliation in Zimbabwe : Challenges and Opportunities ဆိုတဲ့ စာတမ်းမှာပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ကုစားရေးအတွက် မရှိမဖြစ် လိုအပ်ချက်များကို စာဖတ်သူတွေ ထည့်သွင်းစဉ်းစားနိုင်ဖို့  အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရန် ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ (Legislative Reform) ၂။ စစ်မှန်သော လူမျိုးစုအားလုံး ပေါင်းစည်းရေးသို့ ဦးတည်သည့် နိုင်ငံရေးစိတ်ဓာတ် ရှင်သန်စေမှု (Political will) ၃။ ငြိမ်းချမ်းသောလူ့ဘောင်သို့ ဦးတည်ပြောင်းလဲရန် တရားဥပဒေ ပြန်လည်စိုးမိုးရေး တည်ဆောက်မှု (Transformative and restorative justice) ၄။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် လူထုလူတန်းစား အလွှာပေါင်းစုံ အရပ်ဘက် လူ့အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်လာစေမှု (Civil society engagement) ၅။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လူထုသဘောထားခံယူပြီး အဆုံးဖြတ်ခံသည့် ယဉ်ကျေးမှု တည်ဆောက်မှု (Consensus building) ၆။ သမိုင်းမှန်များ ဖော်ထုတ်၍ အမှန်တရားကိုသာ ပြောဆိုမှု (Truth-telling) ၇။ နာကျင်မှုများ ကုစားရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အာမခံမည့် ပညာရေးစနစ်ပြဋ္ဌာန်းမှု (Education for national healing and reconciliation) ၈။ နှစ်ရှည်လများ ဖိနှိပ်မှုများကြောင့် ရရှိခဲ့သော နာတာရှည် အနာတရများနှင့် နစ်နာဆုံးရှုံးခဲ့ရမှုများ၊ နာကျင်ခံစားခဲ့ရမှုများအပေါ် သုတေသနပြု အဖြေရှာမှု (Research on trauma and grief) ၉။ နှစ်ရှည်လများ ဖိနှိပ်မှုများကြောင့် ရရှိခဲ့သော နာတာရှည် အနာတရများနှင့် နာကျင်ခံစားခဲ့ရသူများအတွက် အတိုင်ပင်ခံ အကြံပြုဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ဘ၀ ပြန်လည်ထူထောင်နိုင်ရန် ကူညီဆောင်ရွက် (Counselling for trauma and grief) ၁၀။ နာကျင်ခံစားမှုများ ကုသရေးဆိုင်ရာ အထူးပြုနေရာဌာနများနှင့် လူထုအခြေပြု စွက်ဖက်ထိန်းညှိမှု (Special healing places and community intervention programmes) ၁၁။ နာကျင်ခံစားခဲ့ရမှုများအတွက် စာနာမှုဖြင့် အထိမ်းအမှတ်ပြုခြင်း၊ ဘာသာရေးအခမ်းအနား ထုံးတမ်းပြုပေးမှု (Memorialisation and ritualization) ၁၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ဘ၀ ပြန်လည်ထူထောင်ရေးအတွက် လုံလောက်ပြည့်စုံသော ရန်ပုံငွေ သတ်မှတ်သုံးစွဲမှု (Funding) စတာတွေပဲ ဖြစ်ပါတယ်။ နှစ်ပရိစ္ဆေဒကြာမြင့်စွာ လက်နက်၊ အာဏာ၊ ငွေကြေး အပေါ်စီးယူထားသူတွေရဲ့ အနိုင်ကျင့်မှုဒဏ်ကို သေကောင်ပေါင်းလဲ ခံခဲ့ရလို့ ရုပ်ပိုင်းစိတ်ပိုင်း နှစ်မျိုးစလုံးမှာ အဖိနှိပ်ခံ ပြည်သူတွေဟာ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရခဲ့တာပါ။ ဒါကြောင့် စစ်မှန်တဲ့ အမျိုးသားပေါင်းစည်းရေးနဲ့ ပြန်လည်သင့်မြတ်နိုင်ဖို့အတွက် သူတို့ နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ကုစားတဲ့အခါ အပေါ်ယံ အယောင်ပြ ကုစားလို့ မရပါဘူး။ ကိုယ်နဲ့မခြားဘဲ စာနာမှု ရိုးသားမှုအပေါ် အခြေခံတဲ့ စိတ်ရင်းစေတနာတွေနဲ့ ကိုယ်ဖိရင်ဖိ အချိန်ယူ ကုသမှ ရနိုင်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ အပြစ်ကျူးလွန်ခဲ့ကြလို့ နောက်ကျောမလုံ၊ လိပ်ပြာမလုံဘဲ စိုးရွံ့နေသူတွေကို အခွင့်သာရင် လက်စားချေမယ်ဆိုတဲ့ အာဃာတ အမုန်းတရားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ထို့အတူပဲ ကျူးလွန်ခဲ့သူတွေကလည်း မိမိနဲ့ မိမိတို့အဖွဲ့အစည်းရဲ့ အမှားတွေအတွက် နာကျင်ခံစားခဲ့ရသူတွေကို တောင်းပန်ဝန်ချမှု၊ ထိုက်သင့်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရိုးရိုးသားသားပြသဖို့ လိုပါတယ်။ ဒီလိုပြောလို့ အတိတ်က ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေကို မေ့ဖျောက်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ နိုင်ငံ့အကျိုးစီးပွား၊ အများပြည်သူ ရေရှည်အကျိုးစီးပွားအတွက် ခွင့်လွှတ်သင့်တာတွေ ခွင့်လွှတ်ရမှာဖြစ်ပေမယ့် အတိတ်က အမှားတွေကို သင်ခန်းစာယူနိုင်အောင်၊ နောင် ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် ရှုတ်ချမှုတွေလုပ်၊ သမိုင်းမှန်တွေ ဖော်ထုတ်ရင်း နောင်လာနောက်သား မျိုးဆက်သစ်တွေကို အစဉ်အလာကောင်း၊ အမွေခံကောင်းတွေ ပေးကြရမှာပါ။ အနှစ်ချုပ်ရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ကြတဲ့အခါ တရားဥပဒေ မစိုးမိုးဘဲ လုပ်လို့မရဘူး၊ နစ်နာဆုံးရှုံးခဲ့ရမှုများ မကုစားဘဲ လုပ်လို့မရနိုင်ဘူး၊ ထုံးသုတ်ဆေးမှုတ် အပေါ်ယံလုပ်လို့မရဘူး၊ မရိုးမသား လုပ်လို့မရဘူး၊ အချိန်မယူလို့ မရဘူး၊ ပြည်သူမပါဝင်ဘဲ လုပ်လို့မရနိုင်ဘူး၊ လက်စားချေချင်စိတ်နဲ့ လုပ်လို့မရဘူး၊ သမိုင်းမှန်တွေ မဖော်ထုတ်ဘဲ လုပ်လို့မရဘူး၊ ပြည်သူ့ဆန္ဒ မခံယူဘဲ လုပ်လို့မရနိုင်ဘူး၊ ပညာရေးစနစ်ဟောင်းကို မပြောင်းလဲဘဲ လုပ်လို့မရဘူး ဆိုတာပါပဲ။ လူသားတွေ အပါအ၀င် သက်ရှိသတ္တ၀ါတွေ ရှင်သန်ကျန်းမာနိုင်ဖို့ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတဖို့လိုပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ဆိုး ဗိုင်းရပ်စ်ပိုး အကိုက်ခံထားရတဲ့ နာလန်ထတိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုကံတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ရယူပိုင်ဆိုင်လိုတဲ့စိတ်၊ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးရာသီဥတုတွေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ ဆေးဝါးဓာတ်စာ အာဟာရတွေ မျှတပြည့်စုံအောင် ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း မီးမောင်းထိုးလို့ အကြံပြုလိုက်ပါတယ်။ မင်းကောင်းချစ် နိုဝင်ဘာ (၁၇) ရက် ၊ ၂၀၁၅ ခုနှစ် ကိုးကား - National Healing and Reconciliation in Zimbabwe: challenges and opportunities. By Pamela Machakanja (Institute of Peace Leadership and Governance, Africa University)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024