A d v e r t i s e m e n t With Us

တိုက်ခိုက်မှုများ ပိုလုပ်မည်ဟု အိုက်အက်စ် ခြိမ်းခြောက်သည့်ရုပ်သံ ထွက်ပေါ်

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံထဲက လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေဟာ ပြင်သစ်လို အလားတူ ကံကြမ္မာကို ခံစားရလိမ့်မယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က ဖြန့်ချိတဲ့ ရုပ်သံထဲမှာ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာလည်း တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေ သတင်းစကား ပုံမှန်တင်နေကျ ဖြစ်ပုံရတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ပါရီပစ်ခတ်မှုအပြီး နောက်ဆက်တွဲ သတင်းရုပ်သံတွေကိုလည်း တင်ပြခဲ့ပါတယ်။ ရုပ်သံထဲမှာ ဖော်ပြထားတဲ့ အမျိုးသားတဦးကတော့ အီရတ်နိုင်ငံသား အယ်လ် ခါရာလို့ စာတမ်းရေးထိုး ဖော်ပြထားပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံသား အယ်လ် ဂါရိဘ် ဆိုသူကတော့ ပိုများတဲ့ တိုက်ခိုက်မှုတွေ၊ ထောင်ချောက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ အသံတိတ်သေနတ်တွေ ဥရောပနိုင်ငံတွေဆီကို လာမယ်လို့ သတိပေးခဲ့ပါတယ်။ ဒီရုပ်သံရဲ့ စစ်မှန်မှုကို ချက်ချင်း အတည်ပြု စစ်ဆေးနိုင်မှုတော့ မရှိသေးပါဘူး။ ဒါပေမယ့် ရုပ်သံကို ဘဂ္ဂဒက်မြို့မြောက်ပိုင်း အီရတ်ခရိုင် ဆာလာဟူဒင်မှာနေတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေက လုပ်ထားတာ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ပြင်သစ်အစိုးရကတော့ ပါရီတိုက်ခိုက်မှုကို ပြင်သစ်ကို စစ်ဖြစ်ဆဲကာလအဖြစ် ခေါ်ဆိုလိုက်ပါတယ်။ ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု အဆုံးသတ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ပြင်သစ်တိုက်လေယာဉ်တွေဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ဆီးရီးယားနိုင်ငံ ရက်ကာမြို့က အိုင်အက်စ်တွေကို ပစ်မှတ်ထားပြီး ပြင်သစ်အတွက် အကြီးဆုံးအဆင့် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up