မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ရန်ကုန်ယူနိုက်တက်နှင့် လာအိုတိုယိုတာ ယှဉ်ပြိုင်မည်

1.4K
မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်နဲ့ လာအိုတိုယိုတာအသင်းတို့ နိုဝင်ဘာ ၂၂ ရက်နေ့၊ ညနေ ၄ နာရီမှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မဲခေါင်ကလပ် ချန်ပီယံရှစ်မှာ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က ကလပ်အသင်း တသင်းစီ ပါဝင်ပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က ကလပ်အသင်းတွေ ပထမအဆင့်က စတင်ကစားရပြီး အိမ်ကွင်း၊ အဝေးကွင်း အပြန်အလှန် ကစားရမှာဖြစ်ပါတယ်။
ပထမအဆင့်က အနိုင်ရတဲ့အသင်းဟာ ဒုတိယအဆင့်မှာ ဗီယက်နမ်ကလပ် Becamex Binh Duong နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံက ကလပ်အသင်းနဲ့ ဘန်ကောက်မြို့မှာ ကစားရမှာပါ။
ဒီပြိုင်ပွဲမှာ ဆုကြေးအဖြစ် ချန်ပီယံဆုအတွက် အမေရိကန်ဒေါ်လာ ၇၅၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀၀၀၊ တတိယဆု အမေရိကန် ၃၀၀၀၀၊ စတုတ္ထဆု အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ပဉ္စမဆု အမေရိကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားကိုလည်း ရွေးချယ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀၀၀ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
မနှစ် ၂၀၁၄ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင် ဗီယက်နမ်ကလပ် Becamex Binh Duong က မြန်မာကလပ် ဧရာဝတီယူနိုက်တက်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဘွဲ့ ဆွတ်ခူးထားပါတယ်။