လူထုကို ဂုဏ်ပြုတယ်

3K
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး ၅ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ဖို့ လုံလောက်တဲ့ ဆန္ဒမဲ ရရှိသွားခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ ၁၃ ရက်ဟာ ဒေါ်စု နေအိမ်အကျယ်ချုပ်က နောက်ဆုံးအကြိမ် လွတ်မြောက်တဲ့နေ့လည်း ဖြစ်ခဲ့တယ်။ အခု နိုဝင်ဘာ၁၃ရက်ကတော့ ဒေါ်စုနဲ့ သူ့ထောက်ခံတဲ့ ပြည်သူတွေအားလုံး အာဏာရှင်လက်အောက်က လွတ်မြောက်ကြတဲ့နေ့လို့တောင် မှတ်တမ်းထိုးလိုက်ချင်တယ်။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကြီးက အကောင်းဆုံးသက်သေပြနိုင်ခဲ့တယ်၊ မြန်မာလူထုဟာ သူတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို တသွေမတိမ်းနားထောင်ခဲ့ပြီး သူတို့ လိုလားချက်ကို နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြခဲ့ကြတယ်။ အဲ့ဒီနေ့ကို ပြန်ပြောရင်း မြန်မာလူထုကို မှတ်တမ်းကောင်းထိုးပြီး ဂုဏ်ပြုချင်တယ်။ အများနည်းတူ ကိုယ်တိုင်လည်း အဲ့ဒီနေ့က မနက် ၄ နာရီလောက်ကတည်းက အိပ်ရာက နိုးနေတယ်။ ရေမိုးချိုးပြီး လမ်းပေါ်ရောက်တော့ အမှောင်က မပျောက်သေးဘဲ အဲ့ဒီအမှောင်ထဲမှာပဲ မဲပေးမယ့်သူတွေ တန်းစီနေကြတာ တွေ့ရတော့တယ်။
ဒေါ်အောင်ဆန်းစုကြည် မဲပေးမယ့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမက-၃ မူလတန်းကျောင်းရှေ့ကို မနက် ၅ နာရီခွဲလောက် ရောက်တော့ ကိုယ့်ရှေ့မှာ ကိုယ်တွေထက် ၀ီရိယကောင်းတဲ့ ပြည်တွင်းနဲ့ ပြည်ပ သတင်းထောက် ရာနဲ့ချီ ရောက်နေကြပြီး သူတို့နဲ့ အတူတွေ့ရတာက မဲပေးဖို့ တန်းစီ စောင့်ဆိုင်းနေသူတွေပဲ ဖြစ်တယ်။ ဒီရပ်ကွက်မှာက အစဉ်အဆက် ချမ်းသာကြွယ်ဝသူတွေပဲ နေထိုင်ကြတာဖြစ်ပြီး သူတို့လည်း မဲတပြားအတွက် အစောကြီးထ လာတန်းစီနေကြတာမို့ စိတ်ထဲက ကြိတ်ပြီး ၀မ်းသာမိလိုက်တယ်။ ၆ နာရီ မဲရုံဖွင့်တော့ သတင်းထောက်အုပ် ပြိုဆင်းပြေးဝင်သွားကြပြီး သူတို့နောက်ကမှ မဲပေးမယ့်သူတွေ တန်းစီဝင်ကြရတယ်။ ၆ နာရီသာသာ အလင်းရောင်ဖြာတော့ လူအုပ်က ပိုများလာပြီး ထူးတာက မဲပေးသူထက် သတင်းထောက်က ပိုများနေတာ ဖြစ်တယ်။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် မဲလာပေးချိန် မနက် ၈ နာရီ မိနစ် ၅၀ လောက်မှာ နိုင်ငံခြားသတင်းထောက် ၄၊ ၅ ရာထက်မနည်း သတင်းယူကြတယ်၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနတွေက နာမည်ကြီး သတင်းဓာတ်ပုံသတင်းထောက်တွေ အားလုံးလည်း တွေ့ရပြီး သူတို့ အားလုံးလိုလို ဒေါ်စုဆက်မယ့် ကော့မှူးဘက် ဆက်လိုက်သွားကြတာလည်း တွေ့လိုက်ရပါတယ်။ သတင်းထောက်တော်တော်များများဟာ နိုဝင်ဘာ ၇ ရက်ကတည်းက ကြိုတင်မဲပေးထားကြတယ်လို့ သိရပြီး ကိုယ်တိုင်ကတော့ မဲပေးဖို့ စမ်းချောင်းထဲရှိ မဲရုံဘက် ခြေဦးလှည့်ခဲ့တယ်။
စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းသွယ်တခုထဲက အလယ်တန်းကျောင်းတကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံ ရောက်တော့ မဲပေးမယ့်လူအုပ်က တိုးမပေါက်ဘူး၊ အဲဒီကျောင်းတခုတည်းမှာပဲ မဲရုံ ၄ ရုံ အထပ်လိုက် ဖွင့်ထားပြီး မဲပေးမယ့်သူတွေက သူတို့ပေးရမယ့် မဲရုံနံပါတ်ကို သေချာအောင် လိုက်မေးပြီး တန်းစီ မဲပေးနေကြတယ်၊ ကြိုထုတ်ထားတဲ့ သက်သေခံလက်မှတ်တွေ ကိုယ်စီကိုင်ဆောင်ရင်း မဲပေးဖို့ စောင့်ဆိုင်းတန်းစီနေတုန်း ထူးတာ တခု သွားသတိထားလိုက်မိတယ်။ အသံ...။.စကားပြောရင် အော်ကြီးဟစ်ကျယ်ပြောပြီး သိပ်ဆူတယ်လို့ ကင်ပွန်းတပ်ခံရတဲ့ ကိုရွှေမြန်မာတွေ မဲပေးဖို့ တန်းစီစောင့်ချိန် ဘာသံမှ ထွက်မလာကြဘူး၊ မဲပေးမှားမှာစိုးလို့ စိုးရိမ်စိတ်နဲ့ ငြိမ်သက်နေကြတာလား၊ အခွင့်အခါကောင်းတခု ကိုယ့်လက်ထဲ ပိုင်ပိုင်နိုင်နိုင်ရောက်လာပြီမို့ ဒီအခွင့်ကောင်းကို လက်မလွှတ်တမ်း ဖမ်းဆွဲဖို့ အရှိန်ယူရင်း ငြိမ်သက်နေကြတာလား..။ မဲပေးဖို့ နောက်ဆုံးမိနစ်ပိုင်းအလိုမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကို မဲပေးရကောင်းမလဲ ဝေခွဲမရတဲ့စိတ်နဲ့ ငြိမ်သက်နေကြတာလား..။ အပိုင် မပြောသာပေမယ့် မဲပေးဖို့ တန်းစီနေကြတဲ့သူတွေအားလုံး အတွေးကိုယ်စိနဲ့ ငြိမ်သက်နေကြတာ တွေ့ခဲ့ရတာတော့အမှန်ပဲ ဖြစ်တယ်။ အဲဒီနေ့က သူတို့ ဘာလို့ ငြိမ်သက်တိတ်ဆိတ်ပြီး မဲပေးခဲ့ကြသလဲဆိုတာ အပိုင် မပြောနိုင်ခဲ့ပေမယ့် မဲပေးပြီး နောက်တရက် တိတ်ဆိတ်ငြိမ်သက်ခဲ့ကြတာတော့ ဘာအကြောင်းကြောင့်ဆိုတာ တပ်အပ်ပိုင်နိုင် ပြောနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် ညကတည်းက မဲရုံအတော်များများရဲ့ ရလဒ်တွေ ထွက်ပေါ်လာပြီး နေရာအတော်များများမှာ အန်အယ်လ်ဒီပဲ နိုင်နေတုန်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၉ ရက်မှာ လူထုကို အလွန်အကျုး အောင်ပွဲမခံကြဘဲ ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ်နေကြဖို့ ပြောတယ်။ နိုဝင်ဘာ ၈ ရက်က စမ်းချောင်းက မဲရုံမှာ တိတ်တိတ်ဆိတ်ဆိတ်မဲပေးခဲ့ကြသူတွေတင်မဟုတ်ဘဲ ရန်ကုန်တမြို့လုံး တိတ်ဆိတ်သွားတာ သတိထားမိတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ ရန်ကုန်တမြို့လုံး တိတ်ဆိတ်ချောက်ကပ်သွားပြီး တက္ကစီသမားတယောက်ကဆို ရန်ကုန်မြို့လယ် တစေခြောက်မှာတောင် ကြောက်ရတယ်လို့ တင်စား ပြောသွားတယ်။ ၈ရက် ညကထဲက အန်အယ်ဒီ နိုင်လိုက်တာ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက် ဆက်တိုက်ဆက်တိုက် အန်အယ်ဒီပဲနိုင်ပြီး ၁၃ ရက်မှာ အစိုးရဖွဲ့နိုင်လောက်တဲ့ မဲရလဒ်ရခဲ့တယ်။ အစိုးရသတင်းဌာနကပင် အန်အယ်ဒီအစိုးရဖွဲ့နိုင်တဲ့သတင်း ထုတ်ပြန်ဖော်ပြခဲ့တာ တွေ့လိုက်ရပါတော့တယ်။ နောက်ဆုံးတော့ အဖိနှိပ်ခံ ပါတီတရပ်နဲ့ ဒီပါတီကိုပဲ နှစ်ပေါင်းများစွာ ထောက်ခံလာခဲ့ကြတဲ့ပြည်သူတွေ ပြုံးပျော် မော်နိုင်ခဲ့ကြပြီ။ သို့ပေမယ့် ဒေါ်စုစကားနားထောင်ပြီး အပျော်တွေကို မျိုချထားကြတယ်။ တနေ့ကပဲ ဒေါ်စုက ထပ်ပြောထားတယ်။ ရွေးကောက်ပွဲကိစ္စများ မပြီးသေးလို့ လာမယ့် လများမှာ ပြည်သူများ ကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်းပြီး ဆူပူလှုံ့ဆော်မှုများကို သတိထားကြပါတဲ့။ လူထုကလဲ အကင်းပါးပါးနဲ့ နားထောင်မှာ မလွဲ၊ ဒီတချီဒီတမောင်းမှာ လူထုနိုင်တာ အန်အယ်လ်ဒီရာနှုန်းပြည့် နိုင်ဖို့လိုတယ်ဆိုတဲ့ ခေါင်းဆောင်ဒေါ်စုစကား တသွေမတိမ်းနားထောင်ကြလို့ပဲလို့ လူထုကို ဂုဏ်ပြုတယ်။
မောင်ကျောင်း(စမ်းချောင်း)