အစာငတ်ခံဆန္ဒပြ ကျောင်းသား ၂ ဦး ကျန်းမာရေးဆိုးဝါးသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးပို့
DVB
·
November 13, 2015
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး သာယာဝတီထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသား ၂ ဦး ကျန်းမာရေးအခြေအနေ ဆိုးဝါးလာလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။
အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းနဲ့ ကိုမျိုးမြတ်စံတို့ ၂ ဦး ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတာကြောင့် သာယာဝတီထောင်ဆေးရုံကနေတဆင့် သာယာဝတီခရိုင် ဆေးရုံကြီးကို တင်ပို့ခဲ့ရပါတယ်။
ဒါပေမယ့် သာယာဝတီဆေးရုံမှာ ကျန်းမာရေး ပိုမိုဆိုးရွားလာတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ဆက်လက်တင်ပို့ခဲ့ရာ နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီခွဲအချိန် ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာပါတယ်။
သူတို့ ၂ ဦးဟာ အားဆေးသွင်းမှု အပါအ၀င် အခြားဆေးဝါး ကုသမှုတွေကို ငြင်းဆန်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - လင်းဆက်အောင်