အန်အယ်လ်ဒီ အနိုင်ရပြီး အစိုးရဖွဲ့နိုင်သည့်အပေါ် အမြင်သဘောထားများ
DVB
·
November 13, 2015

ဦးစိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ - ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)
“တို့ကတော့ ၀မ်းသာဂုဏ်ယူတာပေါ့၊ ကြိုဆိုပါတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်လာတော့မယ်လို့လည်း ယုံကြည်ပါတယ်။ အရေးကြီးဆုံးက ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတာ နှစ်ပေါင်းကြာရှည်ခဲ့ပြီလေ၊ နှစ်ပေါင်း ၆၀ ကျော်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တသက်စာဖြစ်နေပြီ၊ အဲဒီတော့ အစိုးရဖြစ်ရင် ငြိမ်းချမ်းမှုတွေ မြန်မြန်ရအောင် ဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။”
ရဲဘော်ဖိုးသံချောင်း (ဗမာပြည်ကွန်မြူနစ်ပါတီ)
“အခုပြည်သူလူထုကြီးတရပ်လုံးက တခဲနက် ဆန္ဒပြုလိုက်တဲ့ ဟာကတော့ အပြောင်းအလဲတခု လိုချင်တယ်ဆိုတဲ့ဟာပဲ။ တိုင်းပြည်ကို လက်ရှိ စစ်ဗိုလ်တွေ ခြယ်လှယ်နေတာကို မလိုချင်ဘူးဆိုတဲ့အကြောင်း ဖော်ထုတ်လိုက်တာပဲ။ ဒါကို ဗမာ တပြည်လုံးက နိုင်ငံရေး အင်အားစုတွေအားလုံးက လူထုရဲ့ဆန္ဒကို လေးစားရမယ်လို့ ထင်ပါတယ်။ အန်အယ်လ်ဒီကလည်း လူထုရဲ့ဆန္ဒကို အကောင်အထည်ဖော်စေချင်တယ် အကောင်အထည်ဖော်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခုဟာက အပြီးသတ်မရောက်သေးတဲ့အတွက် သိပ်အများကြီးမပြောချင်သေးဘူး၊ စောင့်ကြည့်စရာတွေ ရှိသေးတယ်လို့ ထင်သေးလို့၊ နောက်ဆက်ပြီး ဘာတွေအကောင်အထည်ဖော်ကြမလဲ၊ ဘာလိုလုပ်ကြမလဲ ဆိုတာကို စောင့်ကြည့်ချင်ပါသေးတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့နေရာမှာ ဒီရွေးကောက်ပွဲကြီးရဲ့ နောက်မှာ တတိုင်းတပြည်လုံးနဲ့ချီပြီး နိုင်ငံရေးအင်အားစု အားလုံးနဲ့ ချီပြီးတော့ အကောင်အထည်ဖော်တာကို ကျနော်တို့ မြင်ချင်ပါတယ်၊ မတရားသင်း ပုဒ်မ အပါအ၀င် မတရားတဲ့ ပုဒ်မတွေ အားလုံး ဖျက်သိမ်းပစ်တာလည်း မြင်ချင်ပါတယ်။”
ဝါရင့်သတင်းစာဆရာကြီး ဖိုးသောကြာ ခေတ်မိုး
“အန်အယ်လ်ဒီရဲ့ သြဇာက ဗမာတပြည်လုံးမှာတော်တော်တော့ ကြီးသွားပြီ၊ အန်အယ်လ် ဒီအစိုးရဖွဲ့နိုင်ခြင်းမဖွဲ့နိုင်ခြင်းက တပိုင်းပေါ့ဗျာ ဗမာတပြည်လုံးက အန်အယ်လ်ဒီကို အုန်းအုန်းကြွက်ကြွက်မဲပေးလိုက်တာဟာ အစိုးရဖွဲ့ဖို့မဟုတ်ဘူး ပြည်သူတွေရဲ့ ဘ၀တခုလုံးကို အပြောင်းအလဲ လုပ်ချင်လို့ ဒါပေါ်လွင်နေတာပါပဲ။ ဒါကို လက်ရှိ အာဏာရတဲ့ အဖွဲ့အစည်းကလည်း လေးစားပါ့မယ် လိုက်နာပါ့မယ်လို့ ပြောထားတယ်၊ မတ်လ ၃၁ ရက်နေ့ထိ ခုလက်ရှိ အစိုးရက ရှိနေဦးမယ်၊ နောက်အစိုးရက ဧပြီလက စတာဝန်ယူမှာ၊ အဲဒီကြားကာလမှာ နည်းနည်းလေး အကဲဆတ်တယ်ဗျ၊ ဂရုစိုက်ရမယ်၊ သို့သော်လည်း လက်ရှိအနေအထားအရဆိုရင်တော့ ပြည်သူ့သြဇာက တော်တော်ကြီးမားတာကိုတော့ အသိအမှတ်ပြုလိုက်ကြပြီ။”
ဒေါက်တာတူးဂျာ (ကချင်ပြည်နယ်ဒီမိုကရေစီပါတီခေါင်းဆောင်)
“ပြည်သူတွေလည်း ဒါကိုလိုချင်တာဆိုတော့ ကောင်းပါတယ်။ အာဏာလွှဲပြောင်းရေးသာ ချောချောမွေ့မွေ့ဖြစ်ဖို့ အရေးကြီးပါတယ်။ သူကတော့ အတတ်နိုင်ဆုံး ဒီမိုကရေစီ ပိုပြီးတော့မှ ပြည့်ဝလာအောင် ငြိမ်းချမ်းရေး အမြန်ရရှိလာအောင် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်အောင် သူကြိုးစားရမှာပဲ၊ ပြည်သူတွေ မျှော်လင့်တာကလည်း အဲဒါတွေဖြစ်တယ်။"
နော်စီဖိုးရာစိန် (ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ)
“ကျမအနေနဲ့ကတော့ အန်အယ်လ်ဒီ အစိုးရဖွဲ့နိုင်တဲ့ပေါ် ကြိုဆိုပါတယ်။ နောက်တချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ပူးပေါင်းပါဝင်နိုင်ဖို့အတွက် ဆန္ဒပြုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနိုင်ရတဲ့အပေါ်မှာ ဒီနိုင်ငံမှာရှိတဲ့ ပဋိပက္ခကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရရှိဖို့အတွက် အဓိကအချက်ဖြစ်တယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဒါကို အရင်ဆုံး လုပ်ဆောင်ရမယ့် အခန်းကဏ္ဍဖြစ်တယ်လို့ ကျမက ဒါကို ယုံကြည်တယ်လေ။ ဒါကို လုပ်ရမှာဖြစ်တယ်။”
ဦးအေးသာအောင် (စီအာပီပီခေါင်းဆောင်) ရခိုင်အမျိုးသားပါတီ
“ကျနော်တို့ ပြည်သူတွေကို ချီးကျူးရမယ့်သဘော ရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ အကြိုကာလက မှန်းထားတာထက် အများကြီးနိုင်သွားတယ်။ နိုင်တဲ့အတွက်ကြောင့် လွတ်လွတ်ကျွတ်ကျွတ် သမ္မတကိုလည်းပဲ လွှတ်တော်ထဲမှာ တင်နိုင်တဲ့ အနေအထားရှိတယ်။ အစိုးရကိုလည်းပဲ လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်တဲ့ အနေအထားရှိတယ်။ ကျနော်တို့ တချိန်က ပြောခဲ့ပါတယ်၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားရှိတဲ့ အစိုးရတရပ်လိုတယ်လို့ ပြောခဲ့တယ်။ အဲလိုမဟုတ်ရင် ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုရင် ဟိုလူ့ကို မျက်နှာချိုသွေးရ၊ အပေးအယူ လုပ်ရဆိုတော့ သိပ်အဆင်မပြေဘူး။ ဒီလိုကာလမျိုးမှာ တိုင်းပြည်ကို ပြတ်ပြတ်သားသား ဦးဆောင်မယ့် အင်အားတောင့်တင်းတဲ့ အစိုးရလိုတယ်။ ဒါကြောင့် အခုလို ပြတ်ပြတ်သားသား အနိုင်ရတဲ့အပ်ါမှာ အားရကျေနပ်မှု ရှိပါတယ်။
"ဒါပေမယ့် ပြည်နယ်တွေမှာ လူမျိုးစုပါတီလေးတွေ အနိုင်မရလိုက်တဲ့ အပေါ်မှာတော့ လူမျိုးစု ပါတီငယ်တွေက သူတို့ရဲ့ လူမျိုးစုအရေးကို ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ ပါတီထောင်တယ်၊ ရွေးကောက်ပွဲဝင်တယ်။ အဲလိုပါတီလေးတွေတော့ ရှိစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အန်အယ်လ်ဒီ ၁၉၉၀ တုန်းကထက်တောင် ပိုပြီး အနိုင်ရတဲ့ အနေအထားကို တွေ့ရတယ်။ အလားတူ ဦးခွန်ထွန်းဦးတို့ရဲ့ အက်စ်အန်အယ်လ်ဒီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးနဲ့ မွန်အမျိုးသားပါတီတွေ နိုင်လာတဲ့အတွက် လွှတ်တော်ထဲမှာတော့ အန်အယ်လ်ဒီအနေနဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဒေါ်သန်းသန်းနု ( ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူးချုပ်)
“ပြည်သူတွေရဲ့ ဆန္ဒကို လေးစားရမှာပေါ့။ ပြည်သူတွေက အန်အယ်လ်ဒီကို မဲပေးလိုက်တယ်ဆိုရင် အန်အယ်လ်ဒီ အစိုးရဖွဲ့ပေါ့၊ ကျမတို့ကတော့ ကြိုဆိုပါတယ်။ ကျမတို့နိုင်ငံ သာယာဝပြောမယ်၊ ပြည်သူတွေလည်း စိတ်ချမ်းသာမယ်၊ ပြည်သူတွေလည်း တိုးတက်မယ်ဆိုရင်တော့ အင်မတန်ကောင်းတာပေါ့။ ဒီရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ တခဲတနက် အောင်ပွဲခံတယ်ဆိုတာ ပြည်သူတွေအနေနဲ့ သူတို့က အပြောင်း အလဲကြီးတခုကို သူတို့ မြင်ချင်တယ်၊ သူတို့စိတ်ထဲမှာထင်တာက အန်အယ်လ်ဒီက လွဲလို့ပေါ့ တခြားသူက အပြောင်းအလဲ မလုပ်ပေးနိုင်ဘူးဆိုတဲ့ အဲဒီ ခံစားချက်ကရှိနေတယ်၊ ပြောရမယ်ဆိုရင် မျက်စိမှတ်ပြီးပေးလိုက်သလိုပဲ၊ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောတယ်လေ လူကိုမကြည့်နဲ့ ခွပ်ဒေါင်းနဲ့ ကြယ်တပွင့် တံဆိပ်မြင်ရင်ပေးပါပေါ့။ ဒီဟာတော့ သိပ်မဟုတ်သေးဘူးလို့တော့ ကျမထင်တယ်။ အဲဒီပုံစံအတိုင်းသာသွားမယ်ဆိုရင် ပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ်မှာ သုံးသပ်ချက်က သိပ်တော့ မကောင်းဘူးလို့ ကျမမြင်ပါတယ်။”
ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
“အခုဟာက အစိုးရဖွဲ့နိုင်ဖို့က အများကြီးတောင် ပိုပြီးရတဲ့ အနေအထား ရှိတယ်လေ။ ဆိုတော့ ကျနော်မြင်တာက အဲဒါက ကျနော်တို့တိုင်းပြည်ကို ဒီမိုကရေစီရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ အခြေချနိုင်ဖို့အတွက်၊ နောက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို သေသေချာချာ အခြေချနိုင်ဖို့အတွက် တကယ်ကို ကောင်းတဲ့ ပြည်သူတွေရဲ့ဆန္ဒ ဖြစ်တယ်လို့ ကျနော်တော့ အဲလို ပြောချင်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည် တိုင်းပြည်ကို သူတင်ပြထားတာရှိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စပေါ့လေ။ အဲဒါကို တင်ပြထားတာ ရှိတယ်ပေါ့လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အာဏာလွှဲပြောင်းရေး ကိစ္စဟာ ချောမွေ့လိမ့်မယ်လို့ ယူဆတယ်။ နောက်တချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေလည်းပဲ အမြန်ဆုံး ဒီအစိုးရ ဖွဲ့ပြီးပြီးချင်း ဒါမှမဟုတ် အစိုးရ မဖွဲ့စည်းခင်ကတည်းက အမြန်ဆုံး လွတ်မြောက်လာနိုင်တယ်လို့ ကျနော်တော့ အဲဒီလို မျှော်လင့်တယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ အစိုးရဖွဲ့စည်းနိုင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဖြစ်စဉ်၊ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်ဟာလည်း အင်အားစုအသီးသီးအားလုံး ပါဝင်လာလိမ့်မယ်။ မြန်မြန်ဆန်ဆန် ပြီးမြောက်လိမ့်မယ်လို့ ကျနော်တော့ အဲလို မျှော်လင့်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခြင်းဟာ ကျနော်တို့ တိုင်းပြည်အတွက်တော့ တကယ့်ရောင်ခြည်ကို မြင်လိုက်ရတဲ့ အနာဂတ်မှာ ထွန်းလင်းလာမယ်၊ တောက်ပလာမယ်ဆိုတဲ့ ရောင်ခြည်ကို မြင်လိုက်ရသလိုဖြစ်တယ်လို့ ကျနော့်အနေနဲ့က အဲလိုပဲ ပြောချင်ပါတယ်။”
ခူဦးရယ် (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး)
“နှစ်ဖက်စလုံးကိုတော့ ကျနော်တို့ကတော့ ဒီလိုမြင်ပါတယ်။ ဒီအနိုင်ရတဲ့ အန်အယ်လ်ဒီကိုလည်း ကျနော်တို့ ၀မ်းပန်းတသာကြိုဆိုတယ်။ မျှော်လင့်ချက်လည်း ထားတာပေါ့ဗျာ။ ဒီလို ရွေးကောက်ပွဲ ကောင်းကောင်းမွန်မွန်နဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်ပေးခဲ့တဲ့ အစိုးရကိုလည်း ကျနော်တို့ကတော့ ကျေးဇူးတင်ရမှာပါ။ တကယ်လို့ ဖြစ်စဉ်အတိုင်။ ရှောရှောရှူရှူနဲ့ အာဏာလွှဲပြောင်းမှုတွေဖြစ်လို့ အန်အယ်လ်ဒီက တကယ်ပဲ အစိုးရဖြစ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့အနေနဲ့ ကြိုပြီးတော့ မျော်လင့်လို့ရတဲ့ အခြေအနေတွေတော့ အများကြီးရှိပါတယ်။ ဥဗမာ အခု ကျနော်တို့ တွေ့ဆုံဆွေးနွေးနေတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တက်လာမယ့် အစိုးရသစ်နဲ့ ကျနော်တို့ ဆက်လက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးရမယ်။ နိုင်ငံရေးတွေ့ဆုံမှုတွေ ဖြစ်ပေါ်အောင်လည်း ကျနော်တို့ လုပ်ရမယ်။ နောက် တနံတလွှားမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေလည်း ချုပ်ငြိမ်းသွားအောင်တော့ ကျနော်တို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်မယ်။ အဲဒီတော့ အန်အယ်လ်ဒီ အစိုးရအနေနဲ့လည်းပဲ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးအနက်ထားတယ်လို့ ကျနော်တို့ နားလည်တယ်။ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကိစ္စကိုလည်း အဓိကထား ဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုးကို ကျနော်တို့ ကြားရမြင်ရတာဆိုတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းနဲ့ သူတို့ အဓိကဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ခြုံငုံကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း လောလောလတ်လတ် ကိုင်တွယ်ရမယ့် အရေးကြီးဆုံးအကြောင်းအရာ အခြေခံတွေနဲ့ ထပ်တူနီးပါးလောက်ကျတယ်လို့ မြင်ပါတယ်။ အဲတော့ အန်အယ်လ်ဒီ အစိုးရ တကယ်ဖြစ်လာမယ်ဆိုရင်တော့ သူတို့နဲ့ပဲ ကျနော်တို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမယ့် အခြေအနေမျိုးရှိတော့၊ ဘာပဲပြောပြော အခြေအနေ ပိုကောင်းလာမယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။”