အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်ရန် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

1.2K
ကရင်ပြည်နယ်က အိန္ဒု-ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ကီလိုမီတာ ၆၀ ကျော် လမ်းပိုင်းကို အဆင့်မြှင့်ဖို့အတွက် အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးဖို့ အတည်ပြု လိုက်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ မဟာမဲခေါင်ဒေသတွင်းက အရှေ့အနောက် စင်္ကြန်လမ်းကွန်ရက်မှာ ပါဝင်နေတဲ့အတွက်ကြောင့်ပါ။ “မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကုန်းလမ်းကုန်သွယ်မှု စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို ပို့ဆောင်ရာမှာ အရေးပါလှပါတယ်” လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင် ဂျိမ်းစ် လယ်သာက ပြောပါတယ်။
ယာဉ်ငယ်တွေ သွားလာရလွယ်ကူစေဖို့အတွက် ပြင်ဆင်မှာဖြစ်ပြီး ရာသီဥတုဒဏ်ကိုခံနိုင်တဲ့ နည်းလမ်းတွေ ကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျုံဒိုး ဆိပ်ကမ်းချဉ်းကပ်လမ်းကိုလည်း ပြုပြင် အဆင့်မြှင့်သွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် မြန်မာအစိုးရက ဒေါ်လာ ၁ ဒသမ ၈ သန်း စိုက်ထုတ်သွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။