တောင်ကိုရီးယားနှင့်ပွဲတွင် တခုခု လုပ်ပြနိုင်မည်ဟု မြန်မာနည်းပြ ပြော

မြန်မာ့လက်ရေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီ။ (ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်)
နိုဝင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံမှာ ကစားမယ့် မြန်မာ - တောင်ကိုးရီးယားပွဲစဉ်မှာ တခုခု လုပ်ပြနိုင်မယ်လို့ မြန်မာအသင်းနည်းပြ ဂတ်ဆီဇီက ပြောပါတယ်။ ဖီဖာအဆင့်သတ်မှတ်ချက်အရ မြန်မာထက် အဆင့် ရာချီမြင့်နေသလို အနောက်နိုင်ငံ ကလပ်တွေမှာ သွားကစားနေတဲ့ ကစားသမားတွေ ရှိပေမယ့် စိုးရိမ်မှာမဟုတ်ဘူးလို့ နည်းပြက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ "လက်ရှိ ပရီးမီးယားလိဂ်၊ ဂျာမန်ဘွန်ဒစ်လီဂါက ကစားသမားတွေ အများအပြား ပါဝင်နေတာ ကျနော်သိရှိရပါတယ်။ အမှန်အတိုင်းပြောရရင် ခံစစ်ကစားတယ်ဆိုတာ ကျနော့်စတိုင်မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေပေါ်လိုက်ပြီး နည်းစနစ် အပြောင်းအလဲဆိုတာ ရှိနိုင်ပါတယ်။ ကျနော့်ကစားသမားတွေ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ တခုခုတော့ လုပ်ပြနိုင်မှာပါ" လို့ ဂတ်ဆီဇီက ပြောပါတယ်။ တောင်ကိုရီးယား နည်းပြကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မြန်မာနဲ့ပွဲစဉ်ဟာ အရေးကြီးသလို ဒီပွဲတွေအတွက်လည်း သေချာပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ပရိသတ်တွေ အများကြီး လာရောက်အားပေးမယ့် ပွဲစဉ်ဟာ ကစားသမားတွေအတွက် အားဖြစ်စေမှာဖြစ်သလို ပရိသတ်တွေအတွက် ကစားသမားတွေက အနိုင်ရအောင် စွမ်းဆောင်ပေးမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ ဒီပွဲစဉ်မှာ မြန်မာအသင်းရရှိတဲ့ လက်မှတ်တွေထဲကနေ တောင်ကိုရီးယားမှာရှိတဲ့ မြန်မာဘောလုံး ပရိသတ်တွေကို အခမဲ့ ခွဲဝေပေးသွားမယ်လို့ ပြောပါတယ်။ မြန်မာအသင်းဟာ အုပ်စုမှာ ရမှတ် ၄ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေသလို တတိယနေရာက လက်ဘနွန်နဲ့ ၃ မှတ် ကွာဟနေပါတယ်။ လာမယ့်နှစ် မတ် ၂၉ ရက်နေ့မှာ အုပ်စု နောက်ဆုံးပွဲအဖြစ် လက်ဘနွန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up