နှလုံးရည်တိုက်ပွဲ အောင်ပွဲခံခြင်း

မြန်မာပြည်ဟာ သမိုင်းဝင်အပြောင်းအလဲကို ဖြတ်သန်းဖို့် ခြေလှမ်းပြင်ရုံပဲ ရှိပါသေးတယ်။ မရေရာမှုတွေလည်း ရှိနေတုန်းပါပဲ။ ဒါပေမယ့် နှလုံးရည်တိုက်ပွဲ အောင်ပွဲခံသွားပြီလို့ ပြောဖို့အတွက် အချိန်မစောလွန်းတော့ပါဘူး။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပြည်သူတွေက အာဏာအပ်နှင်းလိုက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထဲကို အာဏာရဖို့ လအနည်းငယ် ကျန်ပါသေးတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီ ယဉ်ကျေးမှုရဲ့ အရေးကြီးဆုံး ဇာတ်ဝင်ခန်းမှာ ရောက်နေပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံကနေ စတင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး ရုန်းကန်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “အန်အယ်လ်ဒီက အစိုးရဖွဲ့နိုင်ခဲ့ရင် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲဟာ အောင်နိုင်ပြီလို့ သတ်မှတ်ရပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအကြိုကာလမှာ မိုင်ရာပေါင်းများစွာ ခရီးထွက်ခဲ့တယ်။ မြောက်ဘက် ကချင်ပြည်နယ်၊ အနောက်ဘက်က ရခိုင်ပြည်နယ်၊ အရှေ့က ရှမ်းပြည်နယ်တွေအထိ စည်းရုံးရေးခရီးထွက်ပြီး လူထုကို တွေ့ဆုံရှင်းပြခဲ့တယ်။ တိကျရှင်းလင်းတဲ့ သတင်းစကားက ရွေးကောက်ပွဲဟာ လွတ်လပ်ရေးတိုက်ပွဲလိုပဲ အရေးကြီးတယ်။ မြန်မာ့သမိုင်းမှာ အရေးအပါဆုံး ရွေးကောက်ပွဲဖြစ်တယ်။ ရတောင့်ရခဲ အခွင့်အရေးကို အမိအရယူကြပါ ဆိုတာပါပဲ။  အောင်ပွဲက လက်တကမ်းရောက်နေပြီ၊ ရအောင်ယူတတ်ဖို့ လိုတယ်။ ဘယ်လိုနည်းနဲ့ ယူမလဲဆိုရင် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို အစိုးရဖွဲ့နိုင်အောင် တခဲနက် မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီမှာ မေးခွန်းတခုက ပြည်သူတွေဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးခဲ့ကြတယ်။ ရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုခဲ့ဘူး။ အခုတခါ မဲပြန်ပေးတော့ စစ်တပ်က အာဏာမလွှဲခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်က “ခေတ်ပြောင်းသွားပြီ၊ လူတွေရဲ့ နိုင်ငံရေးနိုးကြားမှု အခြေအနေ မတူတော့ဘူးလို့ ဖြေပေမယ့် မဖြစ်သေးတာကို ကြိုတင် အစိုးရိမ်လွန်နေသူတွေကို စိတ်ချလက်ချ နှစ်သိမ့်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ နိုင်ငံရေးစာပေတွေ ရေးသားခဲ့တဲ့ ကွယ်လွန်သူ သတင်းစာဆရာကြီး မောင်ဝံသက “နိုင်ငံရေးဆိုတာ ကြွေတလှည့် ကြက်တခုန်” ပါပဲလို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်က ကျနော့်ကို ပြောခဲ့တာကို အမှတ်ရမိပါတယ်။ နိုင်ငံရေးကို သင်္ချာလို တွက်နေလို့ မရဘူးလို့ ဆိုလိုတာပါ။ ဒါဟာ ကျနော်တို့နိုင်ငံတခုတည်း ကြုံရတဲ့ ပြဿ   နာမဟုတ်ပါဘူး။ ဒီလို မသေချာတဲ့ စွန့်စားမှုတွေကို ကြုံတဲ့အခါ ပြည်သူလူထုအနေနဲ့ လုပ်စရာတခုပဲ ရှိပါတယ်။ ယုံကြည်ထိုက်တဲ့ ခေါင်းဆောင်နောက်ကို ညီညီညွတ်ညွတ် လိုက်ပါဝန်းရံဖို့ပါပဲ။ တောင်အာဖရိက အပြောင်းအလဲမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဒ်ီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းက “မန်ဒဲလားက ဒီကလက်ကို ဘာလို့ ယုံလဲ။ နိုင်ငံရေး အသွင်ကူးပြောင်းရေးအတွက် လူဖြူအစိုးရခေါင်းဆောင်နဲ့ ဘာလို့ ဆွေးနွေးညှိနှိုင်းဖို့ ဆုံးဖြတ်သလဲ။ ဒါဟာ အာရုံသိ ဖြစ်တယ်။ သိပ္ပံနည်းကျ ဖော်မြူလာ မရှိပါဘူး။ ဒေါ်စုလို စစ်မှန်တဲ့ ခေါင်းဆောင်မျိုးမှာလည်း ဒီလို “ခံစားသိ” ရှိနေတယ်။ သူကိုယ်တိုင်က သူ့အတွင်းစိတ်ကို နားထောင်ပြီးလို့ လုပ်သင့်တယ်၊ စွန့်စားသင့်တယ်လို့ ဆုံးဖြတ်တဲ့အခါ၊ ကျမတို့ကတော့ တတ်နိုင်သလောက် ၀န်ရံအားပေးသွားရမယ်” လို့ ဆိုတယ်။ နောက်တခုကတော့ အကောင်းမြင်စိတ်ထားပါ။ နှစ်တချို့ နောက်ဆုတ်ပြီး ပြန်ကြည့်တဲ့အခါ စစ်အစိုးရဟာ စိတ်ကြိုက်ဖွဲ့စည်းပုံကို ရေးဆွဲ၊ ရွေးကောက်ပွဲတွေကို ကျင်းပပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကလည်း တရားဝင်မှု ဖျက်သိမ်းထားပြီး ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ တွေးခေါ်စဉ်းစားပုံကို ခန့်မှန်းရခက်ပေမယ့် သူတို့အတွက် သေချာတော့မှ အတိုက်အခံ ခေါင်းဆောင်ကို လွတ်လပ်ခွင့်ပေးခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် နေအိမ်အကျယ်ချုပ်ကနေ လွတ်ပြီး မကြာခင်မှာပဲ ဒေါ်စုက “ကျမတို့တွေ အရင်ထက် အင်အားကောင်းနေတယ်လို့ ခံစားရတယ်” လို့ ပြောလိုက်တဲ့အခါ ကမ္ဘာကြီးက အံ့သြသွားကြတယ်။ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ လူငယ်မျိုးဆက်သစ်တွေ အမြောက်အမြားကို တွေ့လာရတာ၊ လက်ကိုင်ဖုန်းလို ခေတ်မီဆက်သွယ်ရေး ကိရိယာတွေ၊ လူမှုကွန်ရက် မီဒီယာတွေဟာ တော်လှန်ရေးအတွက် အင်အားသစ်တွေအဖြစ် မြင်တယ်။ ဒီလိုစကားမျိုးကို သတင်းစာဆရာကြီး ဘ၀ကနေ နိုင်ငံရေးသမားဖြစ်သွားတဲ့ ဟံသာဝတီ ဦးဝင်းတင်ကလည်း အဲဒီကာလတုန်းက ကျနော့်ကို ဒီအတိုင်း ပြောခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အလိုအလျောက်သိမှု ဖြစ်ပါတယ်။ သာမန်လူနဲ့ မတူပါဘူး။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မန်ဒဲလားဟာ ထောင်ထဲမှာရှိနေစဉ် အောက်ခြေ အရာရှိတယောက်ရဲ့ လူသားဆန်မှုကို တွေ့တဲ့အခါ တောင်အာဖရိက အနာဂတ်အတွက် စိတ်ချလက်ချ ဖြစ်သွားခဲ့တယ်။ လူတွေဟာ ခေတ်ဆိုး စနစ်ဆိုးရဲ့ သားကောင်တွေ ဖြစ်ပေမယ့် လူသားတိုင်းရဲ့ အတွင်းမနောဟာ မွန်မြတ်တဲ့အခံ ရှိကိုရှိတယ်ဆိုတဲ့ အကောင်းမြင်စိတ်ထားပါ။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဒီလို အကောင်းမြင်စိတ်မျိုး ရှိပါတယ်။ လူဆိုးလူကောင်းဆိုတာ မရှိဘူး။ သင်လို့ရတဲ့လူနဲ့ သင်လို့မရတဲ့လူပဲ ရှိတယ်ဆိုပြီး ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲဆိုတာ လက်ရုံးရည် တိုက်ပွဲတော့ မဟုတ်တဲ့ နှလုံးရည်တိုက်ပွဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “တိုက်ပွဲဆိုလို့ အကြမ်းဖက်တဲ့ သဘောမျိုးနဲ့ ပြောတာ မဟုတ်ဘူး။ ရဲရဲရင့်ရင့်၊ ဇွဲသတ္တိနဲ့ လုပ်ရမယ့် သဘောမျိုးနဲ့ ပြောတာပါ။ စစ်တိုက်ပွဲဆိုရင် လက်နက်အင်အားနဲ့ စစ်ကွင်းပြင်ထဲကို ဆင်းပြီးတော့ ရန်သူများဟာ တယောက်နဲ့တယောက် တိုက်ခိုက်ကြတယ်။ အခုဟာက နှလုံးရည်တိုက်ပွဲ။ နှလုံးရည်တိုက်ပွဲဆိုတာ ကွင်းထဲကို ဆင်းပြီးမှ ရန်သူကိုရင်ဆိုင်ပြီး တိုက်ရတာ မဟုတ်ဘူး။ တချိန်လုံး တိုက်နေရတာ၊ နှလုံးရည်တိုက်ပွဲဆိုတာ ကိုယ်နှလုံးသားထဲမှာ အမြဲပဲ တိုက်ခိုက်နေရမယ်။ ကိုယ့်နှလုံးသားထဲမှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှု မရမချင်း၊ ရုန်းကန်မယ်၊ ကြိုးစားမယ်ဆိုတဲ့ အသိဟာ ရှိရမယ်။” လို့ ရှင်းပြတယ်။ ဒီလို ရွေးချယ်တာကလည်း ကျင့်ဝတ်ဆိုတာထက် လက်တွေ့ နိုင်ငံရေးရွေးချယ်တာလို့ ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ဆိုတယ်။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မန်ဒဲလားဟာ အကြမ်းမဖက်နည်းလမ်းက အလုပ်မဖြစ်ရင် စွန့်ရလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်လည်း လိုက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လည်း ပထမလွတ်လပ်ရေးတိုက်ပွဲမှာ အကြမ်းဖက် နည်းလမ်းကို ရွေးချယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက်နည်းကနေ တခါမှ သွေဖည် မသွားခဲ့ပါဘူး။ ဒါကိုကြည့်ရင် သူရွေးချယ်တဲ့ နည်းလမ်းအပေါ် ဘယ်လောက်အထိ ယုံကြည်မှု ခိုင်မာသလဲဆိုတာ ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ဟာ အကြမ်းဖက်နည်း နိုင်ငံရေး အဆိုးကျော့ သံသရာကြီးကို ချိုးဖျက်ပစ်ရတော့မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တချို့ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့ အစိုးရ အပြောင်းအလဲဟာ အကြမ်းဖက်နည်းတွေကနေ ပေါ်ပေါက်လာတာချည်းပဲ။ ၁၉၅၈ မှာ ပထမအကြိမ် စစ်တပ်အာဏာသိမ်းတာ၊ ၁၉၆၂ ခုနှစ်မှာ ဒုတိယအကြိမ်၊ ၁၉၈၈ ခုနှစ်မှာ တတိယအကြိမ်၊ နိုင်ငံရေးအပြောင်းအလဲမှာ အကြမ်းဖက်နည်းကိုသုံးတာ မြန်မာပြည်မှာ မကောင်းတဲ့ အစဉ်အလာတခု ဖြစ်နေပြီ။ အကြမ်းဖက်မှု … ပြီးတော့.. အပြောင်းအလဲ။ အကြမ်းဖက်မှု … ပြီးတော့ … အပြောင်းအလဲဆိုတဲ့ အဆိုးသံသရာကို ကျမတို့ အဆုံးသတ်လိုက်ချင်ပြီ၊ အကြမ်းမဖက်နည်းကနေ ထွက်ပေါ်လာတဲ့ စစ်မှန်တဲ့၊ အခြေခံကျတဲ့ နိုင်ငံရေး အပြောင်းအလဲ ဆိုတာမျိုးကို အသစ်ကနေ ပြန်စချင်တယ်၊ ဒီနည်းက အကြမ်းဖက်နည်းထက် အများကြီး ပိုခက်ခဲတယ်ဆိုပေမယ့် ရေရှည်အတွက် ပင်ပန်းရကျိုးနပ်ပါတယ်” လို့ ဆိုခဲ့တယ်။ တကယ်တော့ အကြမ်းဖက်တိုက်ပွဲက မလွယ်ပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့  ပြည်သူတွေကို သေနတ်ပစ်ရက်တဲ့ အစိုးရလက်အောက်မှာဆိုရင် ခိုင်မာတဲ့ခေါင်းဆောင်မှု မရှိရင် လမ်းကြောင်းလွဲသွားနိုင်ပါတယ်။ ဉာဏ်ပညာနဲ့ယှဉ်တဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှု မရှိဘဲနဲ့ အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အခါ အကျိုးထက် အဆိုးက များပါတယ်။ How ဆိုတဲ့ စာအုပ်ကို ရေးသားသူ Dov Seidman က လွတ်မြောက်ခြင်းကို အဆင့်နှစ်ဆင့် ခွဲပြပါတယ်။ တချို့နိုင်ငံတွေဟာ  “Freedom From” ကို ဖြတ်သန်းနိုင်ကြပေမယ့် “Freedom To” အဆင့်ကို မတက်လှမ်းနိုင်ကြပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ယူကရိန်း၊ တူနီးရှား၊ အီဂျစ်၊ အီရတ်၊ လစ်ဗျား၊ ယီမင်တို့မှာ အာဏာရှင်ကို ဖြတ်ချခဲ့ပေမယ့် ပြည်သူတွေဟာ သွေးထွက်သံယို၊ ၀ရုန်းသုန်းကား အခြေအနေမှာ ဒုက္ခပင်လယ်ဝေနေတုန်းပါပဲ။ နှိုင်းယှဉ်ချက်အရ အကြမ်းမဖက်နည်း အောင်ပွဲခံခဲ့တဲ့ တူနီးရှားတခုပဲ အလားအလာ ကောင်းပါတယ်။ တကယ်တမ်းကျတော့ မြန်မာစစ်တပ်ဟာ ဆန္ဒပြသမားတွေကို သေနတ်နဲ့မပစ်တဲ့ တူနီးရှားစစ်တပ်နဲ့ မတူတာ သမိုင်းသက်သေရှိပြီး ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့က လူထုအရေးတော်ပုံနဲ့ မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ မျဉ်းပြိုင်ဆွဲနေတာကလည်း သူ့ခေတ်သူ့အခါ သက်ဆိုင်ရာနိုင်ငံတွေရဲ့ စစ်တပ်အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေးကို မလေ့လာဘဲ စိတ်ကူးယဉ်မှု ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆန္ဒပြပွဲတွေဖြစ်ရင် ဂန္ဒီတို့ခေတ်က ရင်ဆိုင်ခဲ့သလို ရဲတွေက နံပါတ်ဒုတ်နဲ့ ရိုက်တာမျိုးလည်း မဟုတ်ပါဘူး။ ဒို့ဗမာအစည်းအရုံးခေတ်ကလိုမျိုး နိုင်ငံရေးလုပ်တဲ့သူတွေကို  ထောင် ၆ လချတာ မဟုတ်ပါဘူး။ အမေရိကန်မှာ ၁၉၆၀ ပြည့်လွန်နှစ်တွေက စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ကာလတုန်းကလို ဆန္ဒပြသမားတွေ သည်းခံတဲ့ စစ်တပ် မဟုတ်ပါဘူး။ အဓိပ္ပါယ်ကတော့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲတဲ့ ပြည်သူတွေ ဖြစ်လာအောင် ဦးဆောင်မှုပေးရတဲ့ အလုပ်က မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အကြမ်းမဖက်နည်းလမ်း (သို့မဟုတ်) နှလုံးရည်တိုက်ပွဲဟာ ကြာလွန်းတယ်ဆိုပြီး အားမလို အားမရ မေးခွန်းထုတ်သူတွေအနေနဲ့  တခြားနိုင်ငံသမိုင်းကို တီးခေါက် လေ့လာသင့်ပါတယ်။ တောင်အာဖရိကမှာ အေအန်စီကို ၂၀ ရာစု ပထမဆယ်စုမှာ ဖွဲ့စည်းခဲ့ပြီး မန်ဒဲလား ရာထူးလက်ခံတာက ၂၀ ရာစုရဲ့ နောက်ဆုံး ဆယ်စုဆိုတာကို မမေ့ပါနဲ့။ အိန္ဒိယမှာ ကွန်ဂရက်ပါတီကို ၁၈၈၅ ခုနှစ်မှာ ထူထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့  ၁၉၄၇ မှာ သက်တမ်း ၆၀ ကျော် ရှိနေပါပြီ။ ၁၉၈၈ မှာ ပေါ်ပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နှိုင်းယှဉ် စဉ်းစားကြည့်ဖို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လည်း လွတ်လပ်ရေးကို မြင်သွားခဲ့ရင် မန်ဒဲလား ပြောသလိုပဲ “ကျနော်ဟာ ရှေ့က စွန့်စား အသက်ပေးခဲ့တဲ့ မျိုးချစ်တွေအားလုံးရဲ့ ပေါင်းလဒ်မျှသာပါ” လို့ ရိုးသားနှိမ့်ချစွာ မှတ်တမ်းတင်မှာ သေချာပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ တခဲနက် မဲပေးခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ နှလုံးရည်တိုက်ပွဲ အနိုင်ရသွားတာပါ။  အောင်ပွဲခံရမယ့် အချိန်မဟုတ်ရင်တောင် “လမ်းရဲ့အစ၊ ဂိတ်တံခါးဝ” ကို ရောက်နေပါပြီ။ အကြီးမားဆုံး အောင်မြင်မှုကတော့ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဟာ ပြည်သူလူထုဖြစ်တယ် ဆိုတာကို အားလုံး လက်ခံလိုက်ကြတာပါ။ နှစ်ပေါင်းများစွာ လွတ်မြောက်ရေးခရီးမှာ  မြန်မာပြည်ဟာ ရင့်ကျက် သဘောထားကြီးတဲ့ စံပြခေါင်းဆောင်တွေ အများကြီးကို ရလိုက်တယ်။ တိုက်ပွဲတွေကြားမှာ အများအတွက် အနစ်နာခံသွားတဲ့ သူရဲကောင်းတွေကို ရလိုက်တယ်။ ဒီလို အဖိုးမဖြတ်နိုင်တဲ့ စံပြခေါင်းဆောင်တွေ၊ အညတြ သူရဲကောင်းတွေရဲ့ ပေါင်းလဒ်ဟာ ဒီနေ့ မြင်နေရတဲ့ အပြောင်းအလဲတွေပါပဲ။ တောင်အာဖရိက အပြောင်းအလဲအကြောင်း ပြောတဲ့အခါ ဒီကလက်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရသလိုဘဲ မြန်မာပြည်အပြောင်းအလဲမှာ သမ္မတဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်မယ်ဆိုရင် မပြည့်စုံနိုင်ပါဘူး။ သမ္မတ ဦးသိန်းစိန်အနေနဲ့ အာဏာလွှဲပြောင်းရေးကို အဆင်ချောအောင် တကယ်လုပ်ပေးနိုင်မယ်ဆိုရင် ဒါဟာ မွန်မြတ်တဲ့ အမွေအဖြစ် မြန်မာ့သမိုင်းမှာ တွင်ကျန်ရစ်ပါလိမ့်မယ်။ ဒီလို အခွင့်အရေးမျိုးကို မြန်မာ့သမိုင်းမှာ ဦးသိန်းစိန်ကလွဲလို့ ဘယ်သူမှ မရနိုင်ပါဘူး။ ဒါဟာ တိုင်းပြည်အကျိုးဖြစ်သလို နောက်မျိုးဆက်တွေက သမ္မတကို ကျေးဇူးတင် သတိရနေပါလိမ့်မယ်။ အမေရိကန်သမိုင်းမှာ ဂျော့ဝါရှင်တန်ဟာ လွတ်လပ်ရေးရအောင် တိုက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးပါ။ တိုက်ပွဲကာလမှာ အကြွင်းမဲ့အာဏာ အပ်နှင်းခံရပြီး စစ်ကြီးပြီးတဲ့အခါ ဘုရင်လုပ်ခိုင်းသူတွေ မနည်းပါဘူး။ ဒါပေမယ့် ၀ါရှင်တန်က လက်မခံပါဘူး။ လွှတ်တော်ကိုပဲ အာဏာပြန်အပ်ပါတယ်။ ဒါဟာ လူထုက လက်မခံတဲ့နည်းလမ်း၊ စောင့်ထိန်းအပ်တဲ့ နိုင်ငံရေးသီလကို ချိုးဖောက်ပြီး သမ္မတရာထူးလက်ခံတဲ့ အခမ်းအနားထက် ကြီးကျယ် မြင့်မြတ်ပါတယ်။ အမေရိကန် တိုင်းပြုပြည်ပြု ခေါင်းဆောင်ကြီးဟာ တပ်ကထွက်ပြီး ကျေးလက်မှာ ပြန်နေပါတယ်။ နောက်နှစ်တချို့ ကြာတော့မှ ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတ ဖြစ်လာပါတယ်။ ဒီနမူနာကိုပဲ အာဏာလက်မလွှတ်ချင်တဲ့ ဟာမစ်ကာဇိုင်းကို ဟီလာရီက ပြောခဲ့ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ ဂျော့ဝါရှင်တန်အဖြစ် ပြည်သူတွေ သတိရစေချင်တယ်ဆိုရင် ဒီလို မွန်မြတ်တဲ့အလုပ်ကိုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အင်ဒိုနီးရှားမှာလည်း ယူဒိုယိုနိုဟာ ဗိုလ်ချုပ်ဟောင်းပါပဲ။ အခုနောက်ဆုံး ရွေးကောက်ပွဲမှာ မတိမ်းမယိမ်းရလဒ်ကြောင့် အငြင်းပွားမှုဖြစ်တော့ အာဏာအလွှဲအပြောင်း အဆင်ပြေအောင် ညှိပေးခဲ့ပါတယ်။  ဦးသိန်းစိန် အနေနဲ့ နောင်မျိုးဆက်တွေက ဘယ်လိုပုံစံမျိုးနဲ့ သတိရစေချင်လဲဆိုတာကို ရွေးချယ်ရပါမယ်။ ဒါလည်း ခက်ခဲတဲ့ရွေးချယ်မှုဆိုတာ သေချာပါတယ်။ အာဏာလွှဲပြောင်းရေး အဆင်ချောရင် ဦးသိန်းစိန်ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ တောင်အာဖရိကရဲ့ ဒီကလက်လို လူစားမျိုးအဖြစ် တကယ်ပဲ ကမ္ဘာက လေးစားရလောက်တဲ့ ပြုပြင်ပြောင်းလဲရေးသမား ဖြစ်ပါပြီ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဒီတကြိမ်မှာ အာဏာလက်လွှတ်လိုက်ရပေမယ့် အနာဂတ် နိုင်ငံရေး ရှင်သန်သွားပါလိမ့်မယ်။ တကယ်တော့ မြန်မာပြည်သူတွေဟာ တပါတီကြီးစိုးတဲ့ စနစ်ကို မလိုချင်တော့ပါဘူး။ ဗြိတိန်ပုံစံ ပါတီစုံဒီမိုကရေစီ ရှင်သန်တာကိုသာ လိုချင်ကြတာပါ။ ဒါတွေဟာ ကျနော်တို့မျှော်မှန်းတဲ့ လွတ်လပ်၊ မျှတ၊ လုံခြုံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံ သဟဇာတဖြစ်တဲ့နိုင်ငံ၊ တန်းတူရည်တူ ပြည်ထောင်စု၊ အမုန်းတရားနဲ့ လက်စားချေလိုတဲ့ စိတ်ဓာတ်တွေနေရာမှာ သည်းခံခွင့်လွှတ်စိတ် ထွန်းကားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ဆက်လက် ချီတက်ရပါဦးမယ်။ ဆိုလိုတာကတော့ ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင်စနစ်အောက်မှာ အစစ ချွတ်ခြုံကျခဲ့တဲ့ လူ့အဖွဲ့အစည်းကို ပြန်တည်ဆောက်ဖို့၊ ဖြေရှင်းစရာ အခြေခံလူမှုပြဿ  နာတွေ အများကြီး ရှိနေပါတယ်။ နှလုံးရည်တိုက်ပွဲက မပြီးသေးပါဘူး။ ဂန္ဒီ ပြောခဲ့သလို “သူရဲဘောကြောင်တဲ့လူတွေ မလုပ်နိုင်တဲ့အလုပ်” တွေ အများကြီးကို ဒီမိုကရေစီဘက်တော်သားတွေရော၊ အာဏာရှင်စနစ်ရဲ့ သားကောင်တွေ ဖြစ်ခဲ့သူတွေရော၊ ရှေ့ဆက် လုပ်ဆောင်စရာ အများကြီး ကျန်နေပါသေးတယ်။ နေသွင် နိုဝင်ဘာ ၁၂၊ ၂၀၁၅

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up